- By CNI
- Category: နိုင်ငံရေး
- Hits: 1320
CNI International News
မော်စကို၊ ဇူလိုင် ၆
အမေရိကန်နှင့် သူ၏ ကျေးဇူးခံ ကျေးဇူးစားများက ယူကရိန်းသို့ လက်နက်များ တင်ပို့နေခြင်းကို ရပ်တန်းက ရပ်မည်ဆိုပါက အထူးစစ်ဆင်ရေးကို သုံးလေးရက်အတွင်းမှာ အဆုံးသတ်သွားမည်ဟု ရုရှားလုံခြုံရေးကောင်စီ ဒုဥက္ကဋ္ဌ ဒီမီထရီ မက်ဗီဒက် (Dmitry Medvedev)က ပြောသည်။
တာ့စ်သတင်းဌာန၏ မေးမြန်းမှုကို မက်ဗီဒက်က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။
၎င်းက “နေတိုးထဲမှာ အဓိကအားဖြင့် အမေရိကန်နဲ့ သူ့သစ္စာခံတွေက ယူကရိန်းကို လက်နက်ခဲယမ်းတွေ ပို့နေ တာ ရပ်မယ်ဆိုရင် အထူးစစ်ဆင်ရေးကို သုံးလေးလအတွင်း အဆုံးသတ်မယ်။ တကယ်လို့ သူတို့က လက်နက် တင်ပို့မှုကို အခုရပ်မယ်ဆိုရင်တော့ အထူးစစ်ဆင်ရေးကို ရက်ပိုင်းအတွင်းမှာ အဆုံးသတ်မယ်”ဟု ပြောသည်။
ထို့နောက် “တကယ်တမ်းတော့ ကမ္ဘာစစ်ပွဲကြီး တစ်ပွဲကိုတောင် မြန်မြန်ဆန်ဆန် ရပ်ပစ်နိုင်ပါတယ်။ ငြိမ်းချမ်းရေး စာချုပ် လက်မှတ်ထိုးပြီး ရပ်တာမျိုး မဟုတ်ရင်လည်း ၁၉၄၅ တုန်းက အမေရိကန်တွေက ဂျပန်မြို့တွေဖြစ်တဲ့ ဟီရိုရှီးမားနဲ့ နာဂါဆာကီ မြို့တွေပေါ် အဏုမြူဗုံး ကြဲချတာမျိုးလည်း လိုက်လုပ်နိုင်တာပဲ။ အဲဒီလိုဆိုရင်လည်း စစ်ပွဲ တကယ်ပြီးသွားတာပါပဲ။ အရပ်သားပြည်သူ သုံးသိန်းလောက်တော့ ရင်းခဲ့ရတယ်ပေါ့”ဟု မက်ဗီဒက်က ထပ်လောင်း ပြောကြားခဲ့သည်။

နေတိုးအထွေထွေအတွင်းရေးမှူးနဲ့ ယူကရိန်း သမ္မတ ဇာလန်းစကီးကိုတွေ့ရစဉ်
ထို့အပြင် ရုရှားစစ်တပ်သည် တခြားသော စစ်တပ်များနည်းတူ ပြဿနာတချို့ကို ရင်ဆိုင်နေရသော်လည်း ခေတ်မှီပြီး ရဲရင့်ကြောင်း မက်ဗီဒက်က အလေးအနက် ပြောကြားသွားခဲ့ပါတယ်။
ယူကရိန်းသည် နေတိုးအဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းမှုနှင့် နေတိုးက ယူကရိန်းအား အဖွဲ့ဝင်ဖြစ်လာစေရေး လမ်းခင်း ပေးမှုများကြောင့် အိမ်နီးချင်းနိုင်ငံတွင် နေတိုးတပ်ဖွဲ့ အခြေစိုက်လာပြီး အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်ခံရ မည်ကို စိုးရိမ်၍ ရုရှားက ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကျူးကျော် တိုက်ခိုက်ခဲ့သည်။
ထိုကျူးကျော်စစ်ကို ရုရှားဘက်ကတော့ အထူးစစ်ဆင်ရေး တစ်ရပ်ဆင်နွှဲခြင်းဟု ပြောသည်။
Source: တာ့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 1260
CNI International News
ကိုဟီမာ၊ ဇူလိုင် ၆
အမျိုးသားဆိုရှယ်လစ်ကောင်စီ- ခပ္ပလန်(NSCN-K)ကနေ ထုတ်ပယ်ခံလိုက်ရသည့် အန်းမိုင်နှင့် လန်ညေးတို့သည် အဖွဲ့အစည်း အသစ်တစ်ခုကို ထူထောင်လိုက်ခြင်းကြောင့် ထိုအဖွဲ့သစ်အားဖျက်သိမ်းပြီး လက်နက်ချရန် NSCN-K ၏ ဥက္ကဋ္ဌ ယုံးအောင်(Yung Aung)က အမိန့် တစ်ရပ် ထုတ်ပြန် ကြေညာခဲ့သည်။
NSCN-K ကို ခပ္ပလန်က ဦးဆောင်ခဲ့သော်လည်း ၂၀၁၇ ခုနှစ်တွင် ကွယ်လွန်သွားခဲ့ပြီးနောက် ခမ်းငေါ်ကို ဥက္ကဋ္ဌ တင်မြှောက်ကာ နာဂနိုင်ငံရေးကို ဆက်လက် လျောက်လှမ်းခဲ့ကြကြောင်း၊ သို့သော် ၂၀၁၈ ခုနှစ်၊ သြဂုတ် ၁၈ ရက်တွင် ခမ်းငေါ်ကို ဖြုတ်ချ၍ ယုံးအောင်ကို ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့သည်။
ထို့ကြောင့် NSCN-K ကို NSCN-K/YA ဟု နောက်ပိုင်း ခေါ်ခဲ့ကြသည်။
“NSCN/GPRN က အထုတ်ပယ်ခံရတဲ့ အဖွဲ့ဝင်ဟောင်းတွေဖြစ်ကြတဲ့ မစ္စတာ အန်းမိုင်းနဲ့ မစ္စတာ လန်ညေးတို့က ဂိုဏ်းအသစ်တစ်ခုကို ထူထောင်လိုက်တယ်ဆိုတာကို ပြတ်ပြတ်သားသား ငြင်းဆန်ပယ်ချလိုက်တယ်”ဟု NSCN-K/YA ၏ ထုတ်ပြန်ချက်တစ်ခုမှာ ဖော်ပြထားသည်။
ထို့အပြင် NSCN-K/YA က ထုတ်ပယ်ခံရသည့် အဖွဲ့ဝင်ဟောင်းများဖြစ်ကြသော အန်းမိုင်နှင့် လန်ညေးတို့ကိုလည်း အိန္ဒိယထောက်လှမ်းရေးက NSCN/GPRN ကို တန်ပြန်ရန်အတွက် အသုံးချနေသည်ဟု တံဆိပ်ကပ်ခဲ့သည်။

ယုံးအောင်နဲ့ အက်စ်အက်စ်ခပ္ပလန်ကို တွေ့ရစဉ်
“လူထုက အကောင်းဆုံးကြိုးစားပြီး အကြိမ်ကြိမ် မေတ္တာရပ်ခံနေတဲ့ကြားက ဒီအထုတ်ခံရတဲ့ အဖွဲ့ဝင်တွေက သွေးစွန်းတဲ့ အကြမ်းဖက်မှုလမ်းကြောင်းကို လျှောက်ဖို့ ရွေးချယ်သွားကြတာ အကြီးအကျယ် စိတ်ပျက်ရပါတယ်” ဟု NSCN-K/YA က ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့သည်။
ထို့နောက် “ဒီအုပ်စုဟာ သူတို့ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ ရည်ရွယ်ချက်ကို ကျောခိုင်းပြီး အပြစ်မဲ့ပြည်သူတွေကို လိမ်လည်လှည့်ဖြားနေတာကို ရပ်တန်းကရပ်ရမယ်။ မဟုတ်ရင် ဖြစ်လာသမျှ အကျိုးဆက်တွေအတွက် နာဂ ပြည်သူတွေကို တာဝန်ခံရလိမ့်မယ်”ဟုလည်း ထုတ်ပြန်ချက်မှာ ထပ်လောင်း ပြောကြားထားသည်။
အန်းမိုင်နှင့် လန်ညေးသည် NSCN-K/AM ဆိုသော အဖွဲ့အစည်း အသစ်ကို ထူထောင်၍ နာဂနိုင်ငံရေးကို ဆောင် ရွက်မည်ဟု ထုတ်ပြန်ထားသည်။
ယုံးအောင် ဦးဆောင်သည့် NSCN-K/YA က “ဘယ်လိုပဲ စွပ်စွဲ ဝါဒဖြန့်နေဦးတော့ သူတို့ရဲ့ အမှားတွေကို မဖာထေး နိုင်ဘူး။ ကွယ်လွန်သွားတဲ့ဥက္ကဋ္ဌ အက်စ်အက်စ်ခပ္ပလန်ရဲ့ လမ်းကြောင်းကို လိုက်လျှောက်မယ်ဆိုတဲ့ လန်ညေးရဲ့ သွေးရူးသွေးတန်း ပြောကြားချက်ဟာလည်း အကြွားသက်သက် အလိမ်အညာတွေချည်းပဲ”ဟု ထုတ်ပြန်ချက်မှာ ပြောထားသည်။

ယုံးအောင်ရဲ့ ထုတ်ပြန်ချက်ကိုတွေ့ရစဉ်
အရှေ့နာဂပြည်သူများ၊ အရပ်ဖက် အဖွဲ့အစည်းများ၊ ကျောင်းသားအဖွဲ့များက ထိုအုပ်စုနှင့် သူတို့၏ လုပ်ရပ်များကို ရှုတ်ချဖို့ အခိုင်အမာ ဆုံးဖြတ်သည့်အပေါ်မှာလည်း တန်ဖိုးထား အသိအမှတ်ပြုသည်ဟု NSCN-K/YA က ထုတ်ပြန် ခဲ့သည်။
ထုတ်ပယ်ခံရသည့် အဖွဲ့ဝင်များနှင့် သူတို့ဂိုဏ်းကို ဖျက်သိမ်းပြီး လူထုရှေ့မှောက်မှာ သူတို့ကိုယ်တိုင် လက်နက်ချရ မည်ဖြစ်ကြောင်း၊ ထိုနည်းလမ်းကသာ ရှေ့ဆက်သွားနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း ယုံးအောင်က တောင်းဆိုထားသည်။
Source: NorthEast Now
- By CNI
- Category: နိုင်ငံရေး
- Hits: 1700
CNI International News
ဘေဂျင်း၊ ဇူလိုင် ၆
အနောက်နိုင်ငံသားများသည် တရုတ်၊ ကိုရီးယားနှင့် ဂျပန်တို့ကို ခွဲခြားနိုင်စွမ်းမရှိ လူမျိုးရေးအခြေခံ မဟာမိတ်ဖွဲ့မှု ကို အားပေးပုံဖော်နေခြင်းကြောင့် ကိုရီးယားနှင့် ဂျပန် လူမျိုးများအနေဖြင့် မိမိ၏ လူမျိုးဇစ်မြစ်အား မမေ့ဖို့ တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံခြားရေးကော်မရှင်အကြီးအကဲ ဝမ်ယိက ပြောသည်။
“အမေရိကန်တွေက တရုတ်၊ တောင်ကိုရီးယားနဲ့ ဂျပန်ကလာတဲ့ ဧည့်သည်တွေအားလုံးကို အာရှသားတွေလို့ပဲ ယူဆတယ်။ ကွဲပြားခြားနားချက်ကို မပြောနိုင်ကြဘူး။ ဥရောပမှာလည်း အတူတူပဲ။ ဆံပင်ကို ဘယ်လောက် ဝါနေအောင်ဆိုးဆိုး၊ နှာခေါင်းကို ဘယ်လောက်ပဲ ချွန်ချွန် ဥရောပသား၊ အမေရိကသားမဖြစ်နိုင်ဘူး။ အနောက် နိုင်ငံသားလည်း မဖြစ်နိုင်ဘူး။ လူတစ်ယောက်ဟာ သူ့ဇစ်မြစ်သူ သိရမယ်”ဟု ၎င်းက ပြောသည်။
တရုတ်နိုင်ငံမြောက်ပိုင်း ကျင်တောင်းမြို့မှာ ကျင်းပနေသည့် သုံးနိုင်ငံဖိုရမ်တစ်ခုမှာ ဝမ်ယိက ပြောကြားခဲ့ခြင်း ဖြစ်သည်။

တောင်ကိုရီးယားနဲ့ ဂျပန် ခေါင်းဆောင် ၂ ဦးကိုတွေ့ရစဉ်
ထို့နောက် တရုတ်၊ ဂျပန်၊ ကိုရီးယား သုံးနိုင်ငံလက်တွဲပြီး ပူးပေါင်းဆောင်ရွက်မည်ဆိုပါက သုံးနိုင်ငံစလုံး အကျိုး များသလို ပြည်သူများ၏ ဆန္ဒလည်း ပြည့်ဝမည်ဖြစ်ကြောင်း၊ အတူတကွ ကြွယ်ဝနိုင်သလို အရှေ့အာရှကို သွေးသစ်လောင်းနိုင်ပြီး ကမ္ဘာကြီးကိုလည်း ကုံလုံစေလိမ့်မည်ဟု ၎င်းက ပြောသည်။
သို့သော် ဝမ်ယိ၏ စကားကို အထူးသဖြင့် အွန်လိုင်းက ပညာရှင်များက ချက်ချင်းပဲ ပြစ်တင်ရှုတ်ချခဲ့ကြသည်။
ဖိုရမ်တွင် ပြောကြားခဲ့သည့် မိန့်ခွန်းထဲမှာ ဝမ်ယိက “တချို့နိုင်ငံကြီးတွေဟာ သဘောတရားရေး ကွဲလွဲမှုကို ရည်ရွယ်ချက်ရှိရှိ ပုံကြီးချဲ့ပြီး သီးသန့် အဝန်းအဝိုင်း ငယ်လေးတွေကို ဖန်တီးနေကြကြောင်း၊ ပူးပေါင်းဆောင်ရွက်မှု နေရာမှာ အာခံဖီဆန်မှု၊ စည်းလုံးမှုနေရာမှာ ကွဲလွဲမှုနဲ့ အစားထိုးဖို့ ကြိုးစားနေကြကြောင်း” ပြောသွားသည်။
ဝမ်ယိ၏ အထက်ပါ ပြောကြားချက်သည် တရုတ်နိုင်ငံက လွှမ်းမိုးခြယ်လှယ်ရေး လုပ်နေသည်ဟု မကြာခဏ စွပ်စွဲနေသည့် ၎င်းရဲ့ အဓိကပြိုင်ဘက် အမေရိကန်ပြည်ထောင်စုကို ရည်ညွှန်းကြောင်း သိသာထင်ရှားနေသည်။

တရုတ်နိုင်ငံသားတွေကိုတွေ့ရစဉ်
ဂျပန်နှင့် တောင်ကိုရီးယား နှစ်နိုင်ငံစလုံးသည် အမေရိကန်၏ လုံခြုံရေးမဟာမိတ်များ ဖြစ်သည်။
ထို့နောက် ဂျပန်နှင့် တောင်ကိုရီးယားတို့၏ ပွင့်လင်းလွတ်လပ်သည့် လူ့အဖွဲ့အစည်းနှင့် ပါတီစုံ ဒီမိုကရေစီစနစ် များသည်လည်း တရုတ်၏ တင်းကျပ်လွန်းသော တစ်ပါတီစနစ်နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေကြသည်။
အရှေ့မြောက်အာရှမှာ တရုတ်၏ အရင်းနှီးဆုံး မဟာမိတ်များက မြောက်ကိုရီးယားနှင့် ရုရှားပဲရှိသည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 907
CNI International News
ဘန်ကောက်၊ ဇူလိုင် ၅
ဖမ်းဆီးခံထားရသော ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့၏ ပထမအကြိမ် အယူခံတင်သွင်းမှုများကို မြန်မာနိုင်ငံတော် တရားရုံးချုပ်တွင် ယနေ့ (ဇူလိုင် ၅ ရက်)နေ့၌ ကြားနာမှု လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒေသတွင်း သတင်းများကို ကိုးကား၍ Bangkok Post မှ ဖော်ပြခဲ့သည်။
ပထမအကြိမ် ကြားနာမှုတွင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ရွေးကောက်ပွဲ မဲမသမာမှု၊ နိုင်ငံတော်အက်ဥပဒေ ချိုးဖောက်မှုတို့ဖြင့် ပြစ်ဒဏ်ချမှတ်ထားမှုများ ပါဝင်မည်။
ဒေါ်အောင်ဆန်းစုကြည်သည် ထိုစွဲချက်နှစ်ခုအတွက် ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခြင်း ခံထားရသူ ဖြစ်သည်။
ရွေးကောက်ပွဲ မသမာမှု အပါအဝင် ဦးဝင်းမြင့်အပေါ် ချမှတ်ထားသည့် ပြစ်ဒဏ်သုံးခုအတွက် အယူခံကိုလည်း ယနေ့(ဇူလိုင် ၅ ရက်)နေ့၌ပင် ကြားနာမှု လုပ်ဆောင်သွားမည် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် အကျင့်ပျက်ခြစားမှု၊ ရွေးကောက်ပွဲနှင့် နိုင်ငံတော်လျှို့ဝှက်ဥပဒေများကို ချိုးဖောက်မှု တို့အတွက် အပြစ်ရှိသည်ဟု မြန်မာတရားရုံးများက ဒီဇင်ဘာလတွင် တွေ့ရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို တွေ့ရစဉ်
ထို့ကြောင့် သူမသည် အမှုပေါင်း ၁၉ ခုအတွက် စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခံထားရပြီး နေပြည်တော်၌ သီးခြား ထိန်းသိမ်းခံထားရသည်။
ထိုအမှုများတွင် နိုင်ငံရေးဆိုင်ရာ လှုံ့ဆော်မှုများ ပါဝင်နေသည်ဟုလည်း ထောက်ခံသူများက ပြောသည်။
လက်ရှိအချိန်အထိ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အခြေအနေနှင့် ပတ်သက်၍ မသိရှိ ရသေးပေ။
သူမနှင့် ရှေ့နေအဖွဲ့တို့သည်လည်း ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက် နောက်ပိုင်းကတည်းက တွေ့ဆုံခြင်း မရှိခဲ့ပေ။
နစကသည် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့ကို သူမ၏ အမှုနှင့်ပတ်သက်၍ မီဒီယာများ သို့မဟုတ် နိုင်ငံခြား အဖွဲ့အစည်းများကို မပြောဆိုရန် အမိန့်ထုတ်ပြန်ထားသည်။
ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်တို့အပေါ် ချမှတ်ထားသည့် အကျင့်ပျက် ခြစားမှုဆိုင်ရာ အမှု ၅ ခုအတွက် အယူခံကို ဇူလိုင် ၁၂ ရက်တွင် ကြားနာမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြသူများကိုတွေ့ရစဉ်
အဆိုပါ ကြားနားမှုတွင် ရဟတ်ယာဉ်ဝယ်ယူ၊ ငှားရမ်းမှုတို့အတွက် ပြည်သူ့ဘဏ္ဍာငွေများကို မလျော်ကန်စွာ အသုံးပြုမှုလည်း ပါဝင်သည်။
၎င်းတို့နှစ်ဦးသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့ရသည်။
ကိုဗစ်-၁၉ ဆိုင်ရာ ကန့်သတ်ချက်များနှင့် ဆက်သွယ်ရေးဥပဒေတို့ကို ချိုးဖောက်ခဲ့ခြင်းအတွက် ပြစ်ဒဏ် ချမှတ်ထားသည့် အမှု ၅ ခုအတွက် ဒေါ်အောင်ဆန်းစုကြည်၏ အယူခံကို ဇူလိုင် ၁၈ ရက်တွင် တရားရုံး၌ ကြားနာရန် စီစဉ်ထားသည်။
အလားတူ ဦးဝင်းမြင့်နှင့် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့ကိုလည်း အကြည်ညိုပျက်စေမှု တို့အတွက် အယူခံများကို ကြားနာသွားမည်ဟု သိရသည်။
အောက်တရားရုံးများက အယူခံအားလုံးကို ပယ်ချခဲ့ပြီး ဖြစ်သည်။ ဦးဝင်းမြင့်သည် အမှု ၈ ခုအတွက် ထောင်ဒဏ် ၁၂ နှစ် ပြစ်ဒဏ် ချမှတ်ခံထားရသည်။
ဦးဝင်းမြင့်သည် လက်ရှိအချိန်တွင် တောင်ငူအကျဉ်းထောင်၌ ရှိနေကြောင်း၊ ကျန်းမာရေး အခြေအနေများ အ တွက် သင့်လျော်သော ကုသမှုမရရှိထားဟုလည်း NLD ပါတီဝင်တစ်ဦးက ပြောသည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 860
CNI International News
မော်စကို၊ ဇူလိုင် ၅
ဝဂ်နာအဖွဲ့၏ ပုန်ကန်မှုရှိသည့်တိုင် ရုရှားသည် တည်ငြိမ်၍ စည်းလုံမှု ရှိနေဆဲဖြစ်ကြောင်း သမ္မတပူတင်က အာရှခေါင်းဆောင်များကို အာမခံပြောကြားခဲ့သည်ဟု အယ်ဂျာဇီးလ်ယားမှ ရေးသား ဖော်ပြခဲ့သည်။
ရုရှားပြည်သူများသည် ယခင်ကထက် ပိုစည်းလုံးလာသည်ဟု ပူတင်က ဇူလိုင် ၄ ရက်နေ့ ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ (SCO) ၏ ဗွီဒီယိုအစည်းအဝေးတွင် ပြောကြားခဲ့သည်။
တရုတ်၊ အိန္ဒိယတို့ ပါဝင်သော SCO သည် နိုင်ငံတကာလုံခြုံရေး၊ ကာကွယ်ရေး၊ စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ မူဝါဒများကို ဦးစားပေးသည်။
လက်နက်ကိုင် ပုန်ကန်မှုနှင့် ရင်ဆိုင်ရချိန်တွင် ရုရှားနိုင်ငံရေး အသိုင်းအဝိုင်းနှင့်ပြည်သူများသည် ညီညွတ်သော တပ်ဦး တစ်ခုအဖြစ် အဖမြေအတွက် စည်းလုံးမှုနှင့် တာဝန်သိတတ်မှုတို့ကို ပြသခဲ့သည်ဟု ပူတင်က ပြောသည်။
ပုန်ကန်မှုရှိချိန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံသားများ၏ လုံခြုံရေးနှင့် အသက်ဘေးတို့ကို ကာကွယ်ရာတွင် ထောက်ခံပေးခဲ့သည့် SCO အဖွဲ့ဝင်များကို ကျေးဇူးတင်ကြောင်းလည်း ပူတင်က ပြောသည်။

ပူတင်နဲ့ ရှီကျင့်ဖျင်ကိုတွေ့ရစဉ်
ယူကရိန်းတွင် အထူးစစ်ဆင်ရေးဟု ရုရှားဘက်က သတ်မှတ်သော စစ်ရေးလှုပ်ရှားမှုအတွက် အနောက်အုပ်စုမှ ချမှတ်သော ဖိအားများ၊ ပိတ်ဆို့ အရေးယူမှုများနှင့် ရန်စမှုများကိုလည်း ရုရှားနိုင်ငံသည် ကြံ့ကြံ့ခံ ရပ်တည်သွား မည်ဟု ပူတင်က ပြောသည်။
ထို့နောက် SCO အဖွဲ့ဝင်များနှင့် စီးပွားရေးဆိုင်ရာ ဆက်ဆံမှုများကိုလည်း မြှင့်တင်သွားမည်ဟု ၎င်းက ပြောသည်။
ရုရှားသည် SCO ၏ အဖွဲ့ဝင်များဖြစ်သော တရုတ်၊ အိန္ဒိယနှင့်အီရန်တို့အား အမေရိကန်နှင့်ရင်ဆိုင်ရန်၊ အမေရိကန် ဘက်က သတ်မှတ်သည့် ကမ္ဘာ့သမ္မာစဉ်အား တုံ့ပြန်ရန် အဓိကမဟာမိတ်များအဖြစ် ရှုမြင်သတ်မှတ်ထားသည်။

ပူတင်နဲ့ မိုဒီကိုတွေ့ရစဉ်
ပြီးခဲ့သည့်လတွင် ရုရှား၏ ကြေးစားစစ်တပ် တစ်ခုဖြစ်သော ပရီဂေါ့ဇ်ဟင် (Prigozhin) ပိုင်ဆိုင်သည့် ဝဂ်နာအဖွဲ့ သည် Rostov-on-Don မြို့ကို သိမ်းပိုက်၍ မြို့တော်မော်စကိုသို့ ချီတက်ခဲ့ကြပြီးနောက် ကာကွယ်ရေးဝန်ကြီးကို ရာထူးမှ ဖယ်ရှားရန် တောင်းဆိုခဲ့သည်။
သို့သော် ထိုပုန်ကန်မှုသည် နာရီပိုင်းမှသာ ကြာမြင့်ခဲ့ကာ မော်စကိုမြို့သို့ မရောက်ခင် ၂၀၀ ကီလိုမီတာ အလို၌ ရပ်တန့်ခဲ့သည်။
ဘယ်လာရုစ်သမ္မတ လူကာရှန်ကို (Lukashenko) ၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် ပရီဂေါ့ဇ်ဟင်နှင့် ရုရှားအစိုးရ တို့အကြား သဘောတူညီချက် ရရှိခဲ့ခြင်း ဖြစ်သည်။
Source: အယ်ဂျာဇီးလ်ယား
- By CNI
- Category: နိုင်ငံရေး
- Hits: 1061
CNI International News
ခါတွမ်၊ ဇူလိုင် ၅
ရန်ဘက် RSF လက်နက်ကိုင်တပ်ဖွဲ့မှ အင်အားဖြည့်ရန်အတွက် အသုံးပြုသော ထောက်ပံ့ရေးလမ်းကြောင်းများကို ဆူဒန်စစ်တပ်က ဖြတ်တောက်ရန် ကြိုးပမ်းမှုကြောင့် အွမ်ဒါမန် (Omdurman) မြို့ တစ်လျှောက်တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်။
ဆူဒန်စစ်တပ်သည် ဇူလိုင် ၄ ရက်နေ့တွင် လေကြောင်းတိုက်ခိုက်မှုများနှင့် အမြောက်ပစ်ခတ်မှုများ ပြင်းပြင်းထန် ထန် ပြုလုပ်ခဲ့ကာ အွမ်ဒါမန်တွင် မြေပြင်တိုက်ပွဲများပါ ဖြစ်ပွားနေကြောင်း ကိုယ်တိုင် တွေ့ရှိသူများက ပြောသည်။
RSF ဘက်က ဆူဒန်စစ်လေယာဉ် တစ်စင်းကို ပစ်ချခဲ့သည်။ ဒေသခံများ ရိုက်ကူးထားသည့် ဗွီဒီယိုများတွင်လည်း လေယာဉ်မှူး ခုန်ထွက်လာသည်ကို မြင်တွေ့ခဲ့ရသည်။
ထိုကိစ္စနှင့်ပတ်သက်၍ ဆူဒန်စစ်တပ်က တစ်စုံတစ်ရာ ပြောဆိုခြင်းတော့ မရှိသေးပေ။
၂၀၂၃ ခုနှစ်၊ ဧပြီ ၁၅ ရက်မှ စတင်ကာ ဆူဒန်စစ်တပ်နှင့် RSF လက်နက်ကိုင်များကြား ဖြစ်ပွားခဲ့သော ပဋိပက္ခ ကြောင့် မြို့တော်တွင် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားခဲ့သည်။

ဆူဒန် စစ်ပွဲကို မြင်တွေ့နေရစဉ်
ထို့နောက် အနောက်ဒါဖာတွင် လူမျိုးစု သတ်ဖြတ်မှုများကို ပေါ်ပေါက် စေခဲ့ရုံမက ဆူဒန်နိုင်ငံအား ပြည်တွင်းစစ်ပွဲ အတွင်းသို့ ရောက်စေမည့် အနေအထားကိုပါ ဖြစ်စေလျက် ရှိသည်။
RSF အဖွဲ့သည် မြို့တော်ခါတွမ် (Khartoum)ရှိ နေရာများစွာကို လျင်လျင်မြန်မြန် သိမ်းပိုက်ခဲ့ကာ ပဋိပက္ခ ပြင်းထန်လာချိန်တွင် ဒါဖာနှင့် ကော်ဒိုဖန် (Darfur ၊ Kordofan) တို့ဖြင့် နောက်ထပ် စစ်သားများကိုပါ ခေါ်ဆောင် ခဲ့သည်။
ထိုစစ်သားများကို အွမ်ဒါမန်မှ ခါတွမ်နှင့် မြောက်ခါတွမ်သို့ တံတားများကိုအသုံးပြု၍ ပို့ဆောင်လျက် ရှိသည်။
ဇူလိုင် ၄ ရက်နေ့က အွမ်ဒါမန်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲသည် သီတင်းပတ်အတွင်း အပြင်းထန်ဆုံး ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ပိုကျယ်ပြန့်သော နယ်မြေဧရိယာရရှိရန် RSF ဘက်က ထိုးစစ်ဆင်မှုကို ဆူဒန်စစ်တပ်က ခုခံတိုက်ခိုက်နေခြင်း ဖြစ်သည်။

ဆူဒန်မှ နေရပ်စွန့်ခွာထွက်ပြေးနေသူများကို တွေ့ရစဉ်
ဆူဒန်ပဋိပက္ခသည် စစ်တပ်နှင့် RSF တို့အကြား အရပ်ဘက် အုပ်ချုပ်ရေးသို့ လွဲပြောင်းပေးရေး နိုင်ငံတကာ အသိအမှတ်ပြု အစီအစဉ်တစ်ခုနှင့် ပတ်သက်၍ စတင်ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။
အထင်ကရ အရေးအခင်းတစ်ခုအတွင်း ကာလရှည် ခေါင်းဆောင် အိုမာ အယ်လ်ဘာရှား (Omar al-Bashir)အား ဖြုတ်ချပြီး လေးနှစ်အကြာတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
အပစ်အခတ်ရပ်စဲရန်အတွက် အမေရိကန်နှင့် ဆော်ဒီတို့က ကြားဝင်စေ့စပ် ပေးခဲ့သော်လည်း နှစ်ဖက်စလုံး၏ ချိုးဖောက်မှုများကြောင့် သဘောတူညီချက်များမှာ ရှည်ကြာခြင်း မရှိခဲ့ပေ။
တောင်ဒါဖာရှိ လူမျိုးစု ခေါင်းဆောင်များက RSF ကို သစ္စာခံသည်ဟု ဇူလိုင် ၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာ ခဲ့သည်။
ယင်းက အနောက်ဆူဒန်တွင် ပဋိပက္ခအခြေအနေကို ပိုမိုဆိုးရွားစေသည့် လုပ်ဆောင်ချက် တစ်ခုလည်း ဖြစ်သည်။
ဆူဒန်ပဋိပက္ခကြောင့် လူ ၂ ဒသမ ၈ သန်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေး နေရသည်ဟုလည်း ကုလသမဂ္ဂ၏ နောက်ဆုံး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Source: အယ်ဂျာဇီးလ်ယား
- By CNI
- Category: နိုင်ငံရေး
- Hits: 1009
CNI International News
ဟောင်ကောင်၊ ဇူလိုင် ၅
လက်ရှိတွင် အမေရိကန်၊ ဗြိတိန်၊ ကနေဒါနှင့် သြစတြေးလျတို့တွင် နေထိုင်နေကြသည့် ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူ ၈ ဦးသည် အမျိုးသားလုံခြုံရေးဥပဒေ ချိုးဖောက်မှုစွဲချက်များဖြင့် ၎င်းတို့ ဘဝတစ်လျှောက်လုံး နောက်ကလိုက်ခံနေရမည်ဟု ဟောင်ကောင်ခေါင်းဆောင်က ပြောသည်။
၎င်းတို့ကို ဖမ်းဆီးရန် လုပ်ဆောင်မှုသည် အန္တရာယ်များသည့် လုပ်ရပ်ဖြစ်ကြောင်း ဝေဖန်မှုများကို ငြင်းပယ်ကာ ထိုသို့ ပြောခဲ့ခြင်း ဖြစ်သည်။
ဟောင်ကောင်အုပ်ချုပ်ရေး အကြီးအကဲဖြစ်သူ ဂျွန်လီ (John Lee) က ထို ၈ ဦးကို ဖမ်းဆီးရန် ရဲတပ်ဖွဲ့၏ ကြိုးစားမှုများကို ထောက်ခံခဲ့သည်။
အပတ်စဉ် အစည်းအဝေးတွင်လည်း ထိုသူများကို ဖမ်းမိစေရန် သတင်းပေးသူတိုင်းသည် ရဲတပ်ဖွဲ့က သတ်မှတ် ထားသည့် ဆုကြေးကို ရရှိမည်ဟု လီက ပြောသည်။
ထွက်ပြေး တိမ်းရှောင်နေသူများ အနေဖြင့် ၎င်းတို့ ဘဝတစ်လျှောက်လုံး နောက်ယောင်ခံ လိုက်ခံနေရမည့် အခြေအနေကို ရပ်တန့်ပစ်ရန် တစ်ခုတည်းသော နည်းလမ်းမှာ အဖမ်းခံရန်ပင် ဖြစ်သည်ဟုလည်း လီက ပြော သည်။

ဟောင်ကောင် ဒီမိုကရေစီအရေးလှုပ်ရှားမှုများကိုတွေ့ရစဉ်
ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ၈ ဦးသည် အင်အားကြီး နိုင်ငံများနှင့် ပူးပေါင်းခြင်း၊ ခွဲထွက်ရန် လှုံ့ဆော်ခြင်း တို့ကို ကျူးလွန်ခြင်းဖြင့် တရုတ်နိုင်ငံမှ သတ်မှတ်သော အမျိုးသားလုံခြုံရေးဥပဒေကို ချိုးဖောက်သည်ဟု စွပ်စွဲ ခံထားရကာ ဖမ်းဆီးရန် ဝရမ်းထုတ် ခံခဲ့ရသည်။
နယ်မြေအတွင်း ပုန်ကန်မှုများကို နှိမ်နင်းရေး အစိတ်အပိုင်း တစ်ခုအဖြစ် ၂၀၂၀ ခုနှစ်တွင်၊ ချမှတ်ခဲ့သော ဥပဒေ ဖြင့် လူပေါင်း ၂၆၀ ကျော် ဖမ်းဆီးခံခဲ့ရသည့်တိုင် ၎င်းတို့ ၈ ဦးကိုမှ ပထမဆုံးအဖြစ် သတင်းပေးသူကို ဆုကြေး ပေးမည်ဟု ကြေညာထားသည်။
ထိုသို့ လုပ်ဆောင်ခြင်းကို အမေရိကန်နှင့် ဗြိတိန်အစိုးရတို့ဘက်က ချက်ချင်းဆိုသလို ဝေဖန်မှု ပြုလုပ်ခဲ့သည်။
ထိုလုပ်ရပ်သည် လူ့အခွင့်အရေးကို ချိုးဖောက်မှု ဖြစ်သည်ဟု အမေရိကန်ဘက်က ပြောကာ ဒီမိုကရေစီရေး လှုပ်ရှားသူများအပေါ် ဟောင်ကောင် အာဏာပိုင်များ၏ ဖမ်းဝရမ်းထုတ်မှုအတွက် အလွန်အမင်း စိုးရိမ်မိသည်ဟု သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

ဟောင်ကောင်အုပ်ချုပ်ရေး အကြီးအကဲဖြစ်သူ ဂျွန်လီကို တွေ့ရစဉ်
ဟောင်ကောင် အာဏာပိုင်များ အနေဖြင့် နိုင်ငံခြားအရာရှိများနှင့် နိုင်ငံရေးသမားများ၏ ပြောဆိုဝေဖန်မှုများကို ထည့်သွင်း စဉ်းစားသွားမည် မဟုတ်ဟု လီက တုံ့ပြန်သည်။
မှန်ကန်သည်ဟု မိမိယုံကြည်ရာကို လုပ်ဆောင်နေခြင်း ဖြစ်သည့်အတွက် မည်သည့် နိုင်ငံရေးဖိအားကိုမှ ကြောက်ရွံ့ နေမည် မဟုတ်ဟုလည်း ၎င်းက ပြောသည်။
ဟောင်ကောင်အတွက် တရုတ်၏ အမျိုးသားလုံခြုံရေးဥပဒေအပေါ် ပြောင်ပြောင်တင်းတင်း ဝင်ရောက် ဝေဖန်မှု ပြုလုပ်ခဲ့သည့် တခြားသောနိုင်ငံများကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချသည်ဟုလည်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မောင်းနင် (Mao Ning) က ပြောသည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 890
CNI International News
ဂူဝါဟာတီ၊ ဇူလိုင် ၄
အိန္ဒိယဗဟိုအစိုးရ အဆိုပြုထားသည့် လူသားများ တပြေးညီတည်း တန်းတူညီမျှရေး ရာဇဝတ်ကျင့်ထုံး-Uniform Civil Code (UCC) အား အကောင်အထည်ဖော် ဆောင်ရွက်ရေး လုပ်ငန်းကို နာဂလန်း (Nagaland)ရှိ Chakhesang Public Organisation (CPO) နှင့် NSCN-Khango တို့က ကန့်ကွက်ကြောင်း ထုတ်ဖော် ပြောကြား ခဲ့သည်ဟု NORTHEAST NEWS သတင်းတွင် ဖော်ပြထားသည်။
အိန္ဒိယဥပဒေကော်မရှင်ထံ လိပ်မူသည့် စာတစ်စောင်တွင် CPO ဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူးဖြစ်သူတို့က မတူညီသော ဘာသာစကား၊ ကိုးကွယ်မှု၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့တို့ အပါအဝင် နာဂလန်းရှိ Chakhesang လူမျိုးများ၏ ထူးခြားသော သွင်ပြင်လက္ခဏာများကို ဦးစားပေး ဖော်ပြခဲ့သည်။
လွန်ခဲ့သော ၁၂၈ နှစ်အကြာ ခရစ်ယာန်ဘာသာသို့ ကူးပြောင်းပြီးခဲ့သည့်တိုင် ထိုစရိုက်လက္ခဏာများသည် ဆက်လက် တိုးတက်နေဆဲဖြစ်သည်ဟု ၎င်းတို့က အလေးအနက်ထား ပြောဆိုခဲ့ပြီး ယင်းတို့သည် မျိုးနွယ်စု၏ အမှတ်သညာအတွက် မရှိမဖြစ် အရေးပါသည်ဟု ဆိုသည်။
အမွေဆက်ခံခြင်းနှင့် မွေးစားခြင်းကဲ့သို့ ရိုးရာအစဉ်အလာများသည် နက်ရှိုင်းသော ရည်ရွယ်ချက်ရှိကာ ယင်းတို့သည် ခေတ်သစ် စီရင်ဆုံးဖြတ်ချက်များနှင့်လည်း ကိုက်ညီမှုရှိသည်ဟု CPO က ပြောသည်။

တရားစီရင်ရေးကိုတွေ့ရစဉ်
နာဂများ၏ ဘာသာရေးနှင့် လူမှုရေး အစဉ်အလာများကို အသိအမှတ်ပြု ကာကွယ်ပေးသည့် ပုဒ် ၃၇၁(က)ပါ အပိုဒ်ခွဲများကို ကိုးကားပြောဆိုခြင်း ဖြစ်သည်။
၁၉၂၉ ခုနှစ် ဆီမွန်ကော်မရှင် (Simon Comission) သို့ တင်သွင်းသော ဆန္ဒခံယူပွဲတွင် ပါဝင်ခဲ့မှုကို ကိုးကား၍ CPO က Chakhesang လူမျိုးများနှင့် မြေပြန့်ဒေသတို့အကြား ယဉ်ကျေးမှုခြင်း ကွဲလွဲမှုများကို မီးမောင်းထိုးပြသည်။
ထို့နောက် ၎င်းတို့၏ ဓလေ့ထုံးတမ်းများကို လေးစားနားလည်ရန် လိုအပ်သည်ဟု ၎င်းအဖွဲ့က ပြောသည်။
အိန္ဒိယရှိ ဘာသာရေး၊ ဘာသာစကားနှင့် လူမျိုးရေးဆိုင်ရာ ကွဲလွဲမှုများသည် ဘုရားသခင်၏ ဖန်တီးခြင်းသာဖြစ်၍ လူသားတို့က လုပ်ဆောင်ထားခြင်း မဟုတ်ဟုလည်း CPO က ပြောသည်။
ထိုသို့ ကွဲပြားမှုကို ထုတ်ဖော်ပြောဆိုကာ ပုဒ်မ ၂၅ အရ ဘာသာရေး၊ ဘာသာစကား၊ ဓလေ့ထုံးတမ်းဆိုင်ရာ ဥပဒေနှင့် လူမှုရေး အစဉ်အလာများကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာကွယ်ပေးခြင်းတို့ဖြင့်လည်း ၎င်းတို့က အိန္ဒိယဖွဲ့စည်းပုံ အခြေခံဥပဒေအား ဖန်တီးသူများကိုလည်း ၎င်းတို့က ပြစ်တင် ဝေဖန်ခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ မူဘောင်အတွင်း ကွဲလွဲမှုများနှင့် လိုက်လျောညီထွေ ဖြစ်မှုသည် တိုင်းပြည်၏ ပြီးပြည့်စုံ သည့် အခြေအနေကို ဖြစ်စေသည်ဟုလည်း CPO က ခိုင်ခိုင်မာမာ ယုံကြည်လျက်ရှိသည်။

CPO အဖွဲ့၀င်များကိုတွေ့ရစဉ်
သို့သော် လူများစု ဟိန္ဒူလူမျိုးများက လူများစုက သတ်မှတ်ခြင်းဆိုသည့် ခေါင်းဆောင်အောက်တွင် လူနည်းစု ဘာသာဝင်ကို အရေးမပါဟု သဘောထားသည်။
ထိုအခြေအနေက လူနည်းစု အသိုက်အဝန်း၏ လုံခြုံရေးအပေါ် အန္တရာယ်ဖြစ်စေမည်ကိုလည်း CPO ဘက်က စိုးရိမ်နေသည်။
လက်ရှိဖြစ်ပွားနေသော လူများစု ကသည်းများနှင့် လူနည်းစု ကူကီးလူမျိုးတို့အကြား လူမျိုးရေးပဋိပက္ခများကို ဥပမာပေး၍ ထိုဖြစ်ရပ်များ၏ ဆိုးကျိုးသက်ရောက်မှုက BJP နှင့်အိန္ဒိယ တစ်နိုင်ငံလုံးကို ထိခိုက်စေခြင်းအား မီးမောင်းထိုးပြကာ ထောက်ပြခဲ့ခြင်း ဖြစ်သည်။
Source: NORTHEAST NEWS
- By CNI
- Category: နိုင်ငံရေး
- Hits: 1721
CNI International News
ဂူဝါဟာတီ၊ ဇူလိုင် ၄
အတွင်းပိုင်းပဋိပက္ခများကြောင့် မြန်မာပြည်တွင် အခြေစိုက်သည့် NSCN-K အဖွဲ့အတွင်းမှာ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အန်းမိုင် ဦးအောင်သည့် အုပ်စုနှင့် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယုံးအောင် ဦးဆောင်သော အုပ်စုဟူ၍ ကွဲထွက်လာခဲ့ကြောင်း အိန္ဒိယအခြေစိုက် NORTHEAST NOW မှ ရေးသားဖော်ပြခဲ့သည်။
အဆိုပါ ကွဲထွက်သွားသည့် အုပ်စုနှစ်ခုတွင် ဗိုလ်ချုပ်ကြီး အန်းမိုင်(Ang Mai)က Tangshang ဒေသမှ အဖွဲ့သစ်ကို တာဝန်ယူသွားမည် ဖြစ်သည်။
အန်းမိုင်သည် NSCN-K ဥက္ကဋ္ဌဖြစ်သူ ကွယ်လွန်သူ အက်စ်အက်စ်ကပ္ပလန်(SS Khaplang)၏ ကိုယ်ရေးအရာရှိ အဖြစ် ဆောင်ရွက်ခဲ့သူဟု သတင်းအရင်းအမြစ်များက ပြောသည်။ ယုံးအောင်သည် ကွယ်လွန်သူ NSCN-K ဥက္ကဋ္ဌ အက်စ်အက်စ်ကပ္ပလန်၏ တူဖြစ်သည်။
ထို့နောက် အန်းမိုင်သည် ပြည်ထဲရေးဝန်ကြီးရာထူးအပြင် တခြားသော စစ်ဘက်ရာထူးများကဲ့သို့ ကွဲပြားသည့် တာဝန်အမျိုးမျိုးကို တာဝန်ယူခဲ့သည်။ ထိုသို့ အတွေ့အကြုံရှိသော အန်းမိုင်သည် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့က ကျင်းပခဲ့သည့် အရေးပေါ် အစည်းအဝေးတစ်ခုတွင် NSCN-K ၏ ဥက္ကဋ္ဌသစ်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်ဟု အဖွဲ့သစ်(အန်းမိုင် ဦးဆောင်သည့် အဖွဲ့)မှ ထုတ်ပြန် ကြေညာခဲ့သည်။

ကွယ်လွန်သူ ခေါင်းဆောင်ကြီး SS Khaplang ကိုတွေ့ရစဉ်
အန်းမိုင်သည် နောင်အချိန်များတွင် ကွယ်လွန်သူ ခေါင်းဆောင်ကြီး SS Khaplang ကဲ့သို့ ဦးဆောင်မှု ပေးနိုင်လိမ့် မည်ဟု GSO-I (D) နာဂစစ်တပ်မှ Langnyei Konyak က ကြေညာချက် တစ်စောင်တွင် အလေးပေး ပြောခဲ့သည်။
နာဂစစ်တပ်၏ အစိုးရပိုင်းတွင် အခြေအနေ ဆိုးရွားလာမှု၊ အုပ်ချုပ်ရေး ညံ့ဖျင်းလာမှုတို့ကြောင့် ၎င်း၏ ဦးဆောင်မှု အတွင်း နာဂစစ်တပ် တပ်မှူးများ အားလုံးကို ၂၀၂၃ ခုနှစ်၊ ဧပြီ ၅ ရက်တွင် တွေ့ဆုံရန် အကြောင်းကြားစာ ပေးပို့ခဲ့ သည်ဟု Langnyei က ထပ်မံရှင်းပြသည်။
သို့သော် NSCN-K ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယုံးအောင်သည် ထိုအစည်းအဝေးကို ဝေဖန်ခဲ့သလို ယင်းကို အုပ်စုကွဲစေရန် စုဝေးမှုဟု ခေါင်းစဉ်တပ်ခဲ့၍ နာဂစစ်တပ်အရာရှိ တချို့အား အစည်းအဝေး မတက်စေရန် တားမြစ်ခဲ့သည်။
ယုံးအောင်(Yung Aung)၏ လုပ်ရပ်အပေါ် တုံ့ပြန်မှုအဖြစ် ဧပြီ ၁၀ ရက်နေ့ အစည်းအဝေးအတွင်း နာဂစစ်တပ် သည် ယုံးအောင်ကို ပါတီခေါင်းဆောင်ပိုင်းမှ ထုတ်ပယ်ခဲ့သည်ဟု Langnyei က ပြောသည်။

ခွဲထွက်သွားတဲ့ NSCN-K မှ ဒုစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီကီဆူမီကိုတွေ့ရစဉ်
NSCN/GPRN ၏ ဖွဲ့စည်းပုံအခြေခံကို တိုက်ရိုက် ချိုးဖောက်မှုဖြစ်သော ယုံးအောင်၏ အမျိုးသားရေးနှင့် ပါတီ ဆန့်ကျင်ရေး လုပ်ရပ်များကြောင့် ထိုသို့ ဆုံးဖြတ်ခဲ့ရခြင်း ဖြစ်သည်။
ထို့ကြောင့် ဧပြီ ၁၀ ရက်မှ စတင်ကာ နာဂစစ်တပ်သည် NSCN/GPRN အစိုးရအုပ်ချုပ်ရေးပိုင်းကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၇ ရက်အထိ လွှဲပြောင်းရယူခဲ့သည်ဟုလည်း Langnyei က ပြောသည်။
NSCN-K ဥက္ကဋ္ဌ ဦးကပ္ပလန်သည် ၂၀၁၇ ခုနှစ် ဇွန်လ ၉ ရက်က လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည့်အတွက် ဒုဥက္ကဋ္ဌဖြစ်သူ ဦးခမ်းငေါ်ကို NSCN-K ၏ ယာယီဥက္ကဋ္ဌအဖြစ် တာဝန်ပေးခဲ့သော်လည်း ၂၀၁၈ ခုနှစ်၊ သြဂုတ် ၁၇ ရက်တွင် ဖြုတ်ချခံလိုက်ရပြီး ဦးယုံးအောင်ကို ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့သည်။
ထို့နောက် ဦးယုံးအောင် ဦးဆောင်သော အုပ်စုနှင့် ဒုစစ်ဦးစီးချုပ် နီကီဆူမီ ဦးဆောင်သော အုပ်စုကြား ငြိမ်းချမ်း ရေးဆွေးနွေးရန် သဘောထားကွဲလွဲကာ နှစ်ခြမ်းကွဲသွား၍ နီကီဆူမီက အိန္ဒိယအစိုးရနှင့် ငြိမ်းချမ်းရေးယူကာ NSCN-K/NK ဆိုသော အမည်ကို သုံးကာ ဦးယုံးအောင်က NSCN-K/YA ဟု အတိုကောက် ခေါ်ဝေါ်ကြသည်။
ယခုအခါမှာတော့ ဦးယုံးအောင်ဘက်က ရပ်တည်ပေးခဲ့သူ NSCN-K/YA ၏ စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီး အန်းမိုင်နှင့် သဘောထားကွဲကာ နောက်ထပ် ကွဲထွက်လာခြင်း ဖြစ်သည်။
Source: NORTHEAST NOW
