CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၃

လီဗာပူးလ်နည်းပြ ကလော့ပ်က သူနဲ့ အသင်းသားတွေဟာ နိုင်ပွဲအတွက် ဘီယာသောက်ပြီး အောင်ပွဲခံမယ့် အကြောင်း ရိန်းဂျားစ်အသင်းကို ဂိုးပြတ်အနိုင်ရတဲ့ ပွဲအပြီးမှာ ပြောလိုက်ပါတယ်။

ကလော့ပ်က “ ကျနော်တို့ဟာ အဝေးကွင်း ပွဲတွေပြီးရင် ဘီယာသောက်လေ့ ရှိပါတယ်။ ဒါပေမယ့် ဘီယာသောက် တာဟာ ကြာနေပြီဆိုတော့ တစ်လုံးပြီး တစ်လုံး သောက်ရင်းနဲ့ မူးနေပါလိမ့်မယ်”လို့ BT Sport နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။

လီဗာပူးလ်အသင်းဟာ ရိန်းဂျားစ်အသင်းကို အဝေးကွင်းမှာ ကစားခဲ့ရပေမယ့် ၇ ဂိုး- ၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲမှာ စကော့အာဖီးလ်က ရိန်းဂျားစ်အတွက် ဦးဆောင်ဂိုး သွင်းယူခဲ့ပေမယ့် လီဗာပူးလ်က ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းပြီး ပွဲအပြီးမှာ ဂိုးပြတ်နိုင်ပွဲကို ရယူနိုင်ခဲ့တာပါ။ လီဗာပူးလ်အသင်း တိုက်စစ်မှူး ဆာလတ်ဟာ ဒီပွဲမှာ ဟတ်ထရစ် ဂိုးသွင်းပြီး ချန်ပီယံလိဂ် သမိုင်းမှာ အမြန်ဆုံး ဟတ်ထရစ် ဂိုးသွင်းသူအဖြစ် စံချိန်သစ် တင်ခဲ့ပါတယ်။

ဆာလတ်နဲ့ လီဗာပူးလ် ကစားသမားများကိုတွေ့ရစဉ် (STV News)

လီဗာပူးလ်အသင်းဟာ ဒဏ်ရာရ ကစားသမားတွေ များနေတာကြောင့် အဓိက ကစားသမားတွေဖြစ်တဲ့ ဆာလတ် နဲ့ ဂျိုတာကို လူစားဝင် ကစားသမားတွေအဖြစ် အသုံးပြုခဲ့တာပါ။

ကလော့ပ်က “ ဂျိုတာဆိုရင် ကြွက်သား အနည်းငယ် နာကျင်နေတယ်လို့ ခံစားနေရတယ်ဆိုပြီး ပြောလာတာ ကြောင့် ဒီပွဲကို ပွဲအစကတည်းက မပါဝင်နိုင်ခဲ့ပါဘူး။ သူဟာ ကစားနိုင်ခဲ့ပေမယ့် အကြာကြီး မကစားခိုင်း သင့်ပါ ဘူး။ ဒါကြောင့်လည်း ကျနော်လုပ်သင့်တာကို လုပ်ခဲ့တယ်ဆိုတာ ထင်ရှားပါတယ်”လို့ ပြောခဲ့ပါတယ်။

ဂျိုဟာဟာ ပွဲချိန် ၇၃ မိနစ် အရောက်မှ လူစားဝင်လာခဲ့ပေမယ့် ဆာလတ်သွင်းယူခဲ့တဲ့ ၃ ဂိုးစလုံးကို ဖန်တီးပေး သွားနိုင်ခဲ့တာပါ။ လီဗာပူးလ်အသင်းဟာ ဒီပွဲ အနိုင်ရခဲ့တာကြောင့် လက်ကျန် ၂ ပွဲမှာ အနိမ့်ဆုံး ၁ မှတ် ရယူနိုင် တာနဲ့ ချန်ပီယံလိဂ် နောက်တစ်ဆင့်ကို တက်ရောက်နိုင်တော့မှာလည်း ဖြစ်ပါတယ်။

ချန်ပီယံလိဂ်မှာ ရလဒ်ကောင်းတွေ ရနေတဲ့ လီဗာပူးလ်အသင်းဟာ အခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။

လီဗာပူးလ်အသင်းဟာ ချန်ပီယံလိဂ်မှာ ရလဒ်တွေ ကောင်းနေပေမယ့် ပရီးမီးယားလိဂ်မှာတော့ ရလဒ်တွေ ဆိုးရွား နေပြီး ၈ ပွဲကစားအပြီးမှာ နိုင်ပွဲ ၂ ပွဲသာ ရရှိကာ အဆင့် ၁၀ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

Source: Metro