CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၄

ရုရှားနဲ့ ဘယ်လာရုစ် တာဝန်ရှိသူတွေ တက်ရောက်မယ့် အပြည်ပြည်ဆိုင်ရာ ကျွမ်းဘား အားကစားအဖွဲ့ချုပ် ကွန်ဂရက်ကို ပိုလန်နဲ့ အက်စ်တိုးနီးယားတို့က တက်ရောက်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

ဒီကွန်ဂရက်ကို လာမယ့်လ တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မှာ ကျင်းပသွားမှာပါ။ ယူကရိန်းနဲ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခ တွေကြောင့် အပြည်ပြည်ဆိုင်ရာ ကျွမ်းဘားအဖွဲ့ချုပ်ဟာ ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေကို ပြိုင်ပွဲ ဝင်ခွင့် ပိတ်ပင်ထားပါတယ်။

ဒါပေမယ့် အဖွဲ့အစည်းက ကျင်းပတဲ့ အစည်းအဝေး ပွဲတွေမှာတော့ အဆိုပါ ၂ နိုင်ငံက တာဝန်ရှိသူတွေဟာ လွတ်လပ်စွာ တက်ရောက်ခွင့် ရှိတာပါ။

ကျွမ်းဘား ကစားသမားတစ်ဦးကိုတွေ့ရစဉ် (Inside TheGames)

အဲ့ဒါကြောင့် ပိုလန်နဲ့ အက်စ်တိုးနီးယားတို့ဟာ နိုဝင်ဘာလ ၁၁ ရက်နဲ့ ၁၂ ရက်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ဒီကွန်ဂရက်ကို သပိတ်မှောက်သွားဖို့ စီစဉ်ထားတယ်လို့ Inside The Game က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
နော်ဝေနဲ့ ယူကရိန်းတို့က တာဝန်ရှိသူတွေကလည်း သူတို့တက်ရောက်မှာ မဟုတ်ဘူးဆိုပြီး ပြောထားပြီးသား ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ ဒီကွန်ဂရက်ကို ကနဦးက နော်ဝေမှာ ကျင်းပဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် နော်ဝေ အားကစား အာဏာပိုင်တွေနဲ့ နိုင်ငံရေးသမားတွေရဲ့ တောင်းဆိုမှုကြောင့် နော်ဝေ ကျွမ်းဘား အားကစားအဖွဲ့ချုပ်က ရုရှားနဲ့ ဘယ်လာရုစ်ကို တက်ရောက်ခွင့်ပြုမှာ မဟုတ်ဘူးလို့ ပြောခဲ့တာပါ။

ဒါကြောင့်လည်း အစ္စတန်ဘူလ်မှာ ပြောင်းလဲကျင်းပဖို့ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ရုရှားကျွမ်းဘားအဖွဲ့ချုပ် ဥက္ကဋ္ဌကတော့ နိုင်ငံတိုင်းဟာ ဒီပွဲကို မတက်ရောက်ဖို့ အခွင့်အရေးရှိတယ်လို့ ပြောခဲ့ပါတယ်။

“ပိုလန်နဲ့ အက်စ်တိုးနီးယားက သပိတ်မှောက်မယ်ဆိုတာကို ကျနော်သိခဲ့ပါတယ်။ ဒါဟာ သူတို့ရဲ့ အခွင့်အရေး ပါပဲ။ ဒီကွန်ဂရက်မှာ ပါဝင်နိုင်ဖို့အတွက် အဖွဲ့ချုပ်အနည်းဆုံး ၁၃၀ စာရင်းသွင်း ထားတယ်ဆိုတာကို ကျနော် ထောက်ပြချင်ပါတယ်”လို့ တီတော့ဗ်က RIA Novosti ကို ပြောခဲ့ပါတယ်။

Source: အာတီသတင်းဌာန