CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၃၀

ယူကရိန်းဒိုင်လူကြီး မန်ဇဲလ်အား ဇူလိုင်လ ၃၁ ရက်မှာ ယှဉ်ပြိုင်မယ့် အင်္ဂလန်နဲ့ ဂျာမနီတို့ရဲ့ အမျိုးသမီးယူရိုပြိုင်ပွဲ ဗိုလ်လုပွဲကို တာဝန်ယူကိုင်တွယ်ဖို့ ခန့်အပ်ကြောင်း ယူအီးအက်ဖ်အေက သောကြာနေ့က ပြောလိုက်ပါတယ်။

အသက် ၄၁ နှစ်အရွယ်ရှိ မန်ဇဲလ်ဟာ ၂၀၀၄ ခုနှစ်ကတည်းက နိုင်ငံတကာဒိုင်လူကြီးဖြစ်ခဲ့ပြီး အမျိုးသမီး ကမ္ဘာ့ ဖလားပြိုင်ပွဲ ၃ ကြိမ် တာဝန်ထမ်းဆောင်ခဲ့တာပါ။သူမဟာ ၂၀၁၅ က အမေရိကန်နဲ့ ဂျပန်တို့ ကစားခဲ့တဲ့ အမျိုး သမီး ကမ္ဘာ့ဖလားပြိုင်ပွဲဗိုလ်လုပွဲမှာလည်း ဒိုင်လူကြီးအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။မန်ဇဲလ်ဟာ ယူကရိန်း အမျိုးသားထိပ်တန်းလိဂ်ပြိုင်ပွဲမှာ တာဝန်ထမ်းဆောင်တဲ့ ပထမဆုံးအမျိုးသမီးဒိုင်လူကြီးအဖြစ်လည်း ၂၀၁၆ က မှတ်တမ်းတင်နိုင်ခဲ့တာပါ။

အမျိုးသမီးယူရိုပြိုင်ပွဲဗိုလ်လုပွဲရဲ့ စည်းကြပ်ဒိုင်လူကြီးတွေအဖြစ် ယူကရိန်းနိုင်ငံက မာရီနာနဲ့ ပိုလန်နိုင်ငံက ပေါ်လီနာတို့က ဆောင်ရွက်ကြမှာဖြစ်ပြီး စတုတ္တဒိုင်လူကြီးအဖြစ် ပြင်သစ်နိုင်ငံက ဖရာပါ့တ်က တာဝန်ယူ သွားမယ်လို့ ယူအီးအက်ဖ်အေက ပြောခဲ့ပါတယ်။မန်ဇဲလ်ဟာ ၂၀၂၁ အောက်တိုဘာလက အန်ဒိုရာအသင်းကို ၅ ဂိုး- ဂိုးမရှိနဲ့ အင်္ဂလန်အသင်းအနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲကိုလည်း ဒိုင်လူကြီးအဖြစ် တာဝန်ယူခဲ့ပါသေးတယ်။

အဲဒါကြောင့် သူမဟာ အင်္ဂလန်အမျိုးသားပြိုင်ပွဲကို ကိုင်တွယ်ခဲ့တဲ့ ပထမဆုံးအမျိုးသမီးဒိုင်လူကြီးလည်း ဖြစ်ခဲ့ပါ တယ်။မန်ဇဲလ်ဟာ အမျိုးသားပြိုင်ပွဲတွေရဲ့ ယူရိုပါလိဂ်၊ ယူရိုပါကွန်းဖရန့်စ်လိဂ်နဲ့ နေးရှင်းလိဂ်တို့ကိုလည်း တာဝန်ယူကိုင်တွယ်ခဲ့တယ်လို့ သိရတာပါ။မန်ဇဲလ်ဟာ ၂၀၂၂ အမျိုးသမီးယူရိုပြိုင်ပွဲမှာလည်း ပွဲစဉ် ၃ ပွဲကို တာဝန်ယူကိုင်တွယ်ထားပါတယ်။ဒီပွဲတွေကတော့ စပိန်နဲ့ ဖင်လန်ပွဲစဉ်၊ သြစတြီးယားနဲ့ နော်ဝေပွဲစဉ်၊ဆွီဒင်နဲ့ ဘယ်လ်ဂျီယံတို့ ပွဲစဉ်တွေပါ။

အင်္ဂလန်နဲ့ ဂျာမနီတို့ဟာ ပြီးခဲ့တဲ့ ၂၀၀၉ က ယူရိုအမျိုးသမီးပြိုင်ပွဲဗိုလ်လုပွဲမှာ တွေ့ဆုံခဲ့ဖူးပြီး အဲဒီတုန်းက ဂျာမနီ အသင်းက ၆ ဂိုး- ၂ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရကာ ချန်ပီယံဖြစ်ခဲ့ပါတယ်။ဂျာမနီအသင်းဟာ ယူရို အမျိုးသမီးပြိုင်ပွဲမှာ ချန်ပီယံဆု ၈ ကြိမ်ရယူနိုင်ခဲ့ပြီး ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေကာ အင်္ဂလန်အသင်းကတော့ အမြင့်ဆုံး ဒုတိယနေရာသာ ရရှိထားတာဖြစ်ပါတယ်။

Source:Reuters