CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၃၀

ယူနိုက်တက်အသင်းရဲ့ ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ဟာ ဘုတ်အဖွဲ့ဝင်အဖြစ် အသင်းထံ ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ အသက် ၈၀ အရွယ်ရှိ ဖာဂူဆန်ကို အသင်းမှာ တရားဝင်ရာထူးပေးအပ်ခဲ့တာပါ။ ယူနိုက်တက်အမှုဆောင်ချုပ် ရစ်ချတ်အာနိုးလ်က အသင်းမှာကြုံတွေ့နေရတဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး အကြံပေးနိုင်ဖို့ ဖာဂူဆန်ပါဝင်တဲ့ အကြံပေးပညာရှင်အဖွဲ့ကို တည်ထောင်ခဲ့တာဖြစ်ပါတယ်။ဒီအဖွဲ့မှာ အသင်း ခေါင်းဆောင်ဟောင်း ရော့ဘ်ဆင်၊ စီအီးအိုဟောင်း ဒေးဗစ်ဂီးလ်နဲ့ ဘောလုံးဒါရိုက်တာ ဂျွန်မာတော့ချ်တို့ ပါဝင် တယ်လို့ ဒေးလီးမေးလ်က ဖော်ပြခဲ့တာပါ။ဖာဂူဆန်ဟာ အင်္ဂါနေ့က ယူနိုက်တက်အကြီးအကဲတွေနဲ့ တွေ့ဆုံခဲ့ပြီး အဆိုပါနေ့မှာပဲ ရော်နယ်ဒိုက ပြီးခဲ့တဲ့ရာသီပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် ကာရင်တန်ကို ပြန်ရောက် လာခဲ့ပါတယ်။

အဆိုပါအဖွဲ့ဝင် ၅ ဦးဟာ ကလပ်အသင်းမှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် ပုံမှန်တွေ့ဆုံ နိုင်ဖို့ မျှော်လင့်နေကြတာပါ။ရစ်ချတ်အာနိုးလ်က ဖာဂူဆန်ကို ကလပ်အသင်း ကိစ္စရပ်တွေမှာ ပိုမိုပါဝင်စေချင် နေတာဖြစ်ပါတယ်။ဒေးဗစ်ဂီးလ်ဟာ အရင်က ယူနိုက်တက်အမှုဆောင်ချုပ်အဖြစ် ဆယ်စုနှစ်တစ်ခုကြာ တာဝန် ထမ်းဆောင်ခဲ့ပြီး ရော့ဘ်ဆင်ကတော့ ကလပ်အသင်းရဲ့ ထင်ရှားကျော်ကြားတဲ့ ကစားသမားတွေထဲကတစ်ဦးပါ။

သူတို့တွေဆွေးနွေးခဲ့တဲ့ အချက်တွေထဲက တစ်ခုကတော့ ကာရင်တန်နဲ့ အိုးထရက်ဖိုဒ့်ကို ပြန်လည်တည်ဆောက် ဖို့က အကောင်းဆုံးနည်းလမ်းလို့ ပြောခဲ့ကြပါတယ်။ဘောလုံးရေးရာ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးမှာဖြစ်ပြီး ဘောလုံးဒါရိုက်တာ ဂျွန်မာတော့ချ်အနေနဲ့ ဝင်ရောက်စွက်ဖက်ခြင်းမပြုဖို့ အဖွဲ့က ကြိုးစားသွားမယ်လို့ သိရတာပါ။ဖာဂူဆန်ဟာ ၂၀၁၃ က နည်းပြရာထူးကနေ အနားယူပြီးကတည်းက ယူနိုက်တက်အသင်းမှာ သြဇာ အရှိဆုံးသူလည်း ဖြစ်ပါတယ်။သူဟာ အနားယူပြီးကတည်းက ဘုတ်အဖွဲ့မှာ အမှုဆောင်မဟုတ်တဲ့ ဒါရိုက်တာ တစ်ဦးအဖြစ်ရှိနေခဲ့ပြီး ဒါက ကြီးမားတဲ့ သင်္ကေတတစ်ခုပါ။

အခုအချိန်မှာတော့ ဖာဂူဆန်ဟာ ယူနိုက်တက်မှာ လုပ်ဆောင်နေတဲ့ အရာတွေနဲ့ ပတ်သက်ပြီး အမှန်အတိုင်း ပြောလာတော့မှာ ဖြစ်ပါတယ်။ရော်နယ်ဒိုဟာ ကာရင်တန်ကို ရောက်ရှိလာချိန်မှာ ဆရာဟောင်းဖြစ်သူ ဖာဂူဆန်နဲ့ စကားပြောဆိုဖို့ ခေတ္တရပ်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။ပြီးခဲ့တဲ့နှစ်က ရော်နယ်ဒိုဟာ ယူနိုက်တက် အသင်းထံ ပြန်လာတာမှာလည်း ဖာဂူဆန်ရဲ့အခန်းကဏ္ဍက အဓိကကျခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့် ဖာဂူဆန် အနေနဲ့ အခုတစ်ကြိမ်မှာရော ရော်နယ်ဒိုအသင်းမှာ ဆက်ရှိဖို့ လုပ်ဆောင်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာလည်း ဖြစ်ပါတယ်။

Source:The Sun