CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၄

မန်ချက်စတာကို လေ့ကျင့်မှုတွေ ပြုလုပ်ဖို့ ရောက်လာမယ့် ရော်နယ်ဒိုက နည်းပြသစ် အဲရစ်တန်ဟတ်နဲ့ အရေးတကြီး ဆွေးနွေးမှုတွေ ပြုလုပ်သွားမယ်လို့ The Sun သတင်းဌာနက ဖော်ပြလိုက်ပါတယ်။

ပြီးခဲ့တဲ့ရာသီက ထိပ်တန်းဂိုးသွင်းရှင် ရော်နယ်ဒိုဟာ အသင်းကနေ ထွက်ခွာခွင့် တောင်းဆိုထားတာပါ။ ရော်နယ်ဒို အပါအဝင် နိုင်ငံအသင်းတွေအတွက် ပါဝင်ကစားထားတဲ့ ကစားသမားတွေဟာ ကာရင်တန်ကွင်းကို လာရောက်ပြီး အသင်းဖော်တွေနဲ့ ပူးပေါင်းကာ လေ့ကျင့်မှုတွေ ပြုလုပ်ရတော့မှာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ထွက်ခွာခွင့် တောင်းဆိုထားပေမယ့် အသင်းဘက်ကတော့ ရောင်းချသွားမှာ မဟုတ်ဘူးလို့ ပြတ်ပြတ်သားသား ပြောထားခဲ့တာပါ။ အဲ့ဒါကြောင့် ရော်နယ်ဒိုဟာ ထိုင်း၊ သြစတြေးလျကို ရာသီကြို ခြေစမ်းပွဲ သွားမယ့် အသင်းနဲ့အတူ လိုက်ပါ သွားရမှာ ဖြစ်ပါတယ်။

ရော်နယ်ဒိုကတော့ ဒီခရီးမသွားခင် နည်းပြသစ်နဲ့အတူ သူ့ရဲ့ မျှော်မှန်းချက်တွေနဲ့ ပတ်သက်ပြီး အရေးတကြီး ဆွေးနွေးမှုတွေ ပြုလုပ်သွားဖို့ ရှိနေပါတယ်။ ကစားသမားဘဝ ကုန်ဆုံးဖို့ နီးကပ်လာပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ ဆုဖလားတွေ ရယူနိုင်ဖို့ မျှော်လင့်ချက်နဲ့အတူ ကြိုးစားနေတာ ဖြစ်ပါတယ်။

အဲရစ်တန်ဟတ်၊ ဒီဂျောင်၊ အဲရစ်ဆန် တို့ကို တွေ့ရစဉ်

ဒါပေမယ့် လက်ရှိအသင်းရဲ့ အခြေအနေတွေဟာ သူရဲ့ ရည်မှန်းချက်ကို ဖြည့်ဆည်းနိုင်ဖွယ် မရှိဘူးလို့ ရော်နယ်ဒိုက ယုံကြည် နေခဲ့တာပါ။ ဒါကြောင့်လည်း ရော်နယ်ဒိုဟာ အသင်းကနေ ထွက်ခွာခွင့် တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုရဲ့ အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒတ်စ်ဟာ ကစားသမားအတွက် အသင်းသစ်ကို ရှာဖွေနေပြီး သူ့ကို ခေါ်ယူဖို့ ချယ်လ်ဆီး၊ ဘိုင်ယန်မြူးနစ်၊ နာပိုလီ၊ စပို့တင်းလစ္စဘွန်းနဲ့ ပေါ်တိုအသင်းတို့က စိတ်ဝင်စား နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ရော်နယ်ဒိုနဲ့ ယူနိုက်တက်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ တစ်နှစ် ကျန်ရှိနေသေးပြီး စာချုပ်အရ နောက်ထပ် တစ်နှစ် ထပ်တိုးဖို့ ရွေးချယ်ခွင့် ရှိနေပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ အခုနွေရာသီ အပြောင်းအရွှေ့အတွက် ပထမဆုံး ကစားသမား ခေါ်ယူမှုအဖြစ် ဖီယင်နုအသင်းက ဘယ်နောက်ခံလူ မာလာစီယာကို ခေါ်ယူထားပါတယ်။

ဒါ့အပြင် ဘာစီလိုနာအသင်း ကွင်းလယ်လူ ဒီဂျောင်၊ ဘရန်ဖို့ဒ်အသင်း ကွင်းလယ် ကစားသမားဟောင်း အဲရစ်ဆန်၊ အေဂျတ်စ် တောင်ပံကစားသမား အန်တိုနီတို့ကို ခေါ်ယူနိုင်ဖို့လည်း ကြိုးစားနေပါတယ်။ မန်ချက်စတာကလပ်ဟာ ရာသီကြိုခြေစမ်းပွဲ ပထမဆုံးပွဲအဖြစ် ဇူလိုင် ၁၂ ရက်မှာတော့ ဘန်ကောက်မှာ လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်သွားဖို့ ရှိနေပါတယ်။

Source: The Sun