CNI News

၂၀၂၁ ခုနှစ်၊ဩဂုတ် ၁၇

ဗြိတိန်အစိုးရသည် ၂၀၂၄ ပါရီအိုလံပစ်နှင့် မသန်စွမ်းအားကစားသမားများအတွက် ဗြိတိသျှအမျိုးသားထီ ရန်ပုံငွေ အမေရိကန်ဒေါ်လာသန်းပေါင်း ၃၂၀ ထောက်ပံ့သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်၏ ပြောကြား ချက်အား ရိုက်တာသတင်းကို ကိုးကားလျက် Channel News Aisa က ဖော်ပြထားသည်။

ကျင်းပပြီးစီးခဲ့သည့် တိုကျိုအိုလံပစ်ပွဲတွင် ယူကေအားကစားအဖွဲ့အနေဖြင့် ရန်ပုံငွေ ၄၄ ရာခိုင်နှုန်းတက်လာခဲ့ပြီး ထိုငွေကြေးကို ရင်းနှီးမြှုပ်နှံသည့်အနေဖြင့် ၎င်းတို့အားကစားသမားများ၊ နည်းပြများနှင့် ဝန်ထမ်းများအတွက် သုံးစွဲရန် ရည်ရွယ်ထားသည်။

ဗြိတိန်ယဉ်ကျေးမှု၊ ပြန်ကြားရေး၊ အားကစားရေးရာဦးစီးဌာနကလည်း ဆောင်းရာသီအိုလံပစ်နှင့် မသန်စွမ်း ပြိုင်ပွဲများအတွက် နိုင်ငံ၏အားထားရသော ကစားသမားများနှင့်နည်းပြများကို ပံ့ပိုးရန် သီးခြားအထောက်အပံ့များ ပေးသွားမည်ဟု သိရသည်။

ယခုလအစောပိုင်းတွင် ဂရိတ်ဗြိတိန်အားကစားအဖွဲ့ချုပ်သည် တိုကျိုအိုလံပစ်၌ အားကစားနည်း ၂၅ မျိုး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဆုတံဆိပ်ပေါင်း ၆၅ ခု ဆွတ်ခူးနိုင်ခဲ့ပြီး ဆုတံဆိပ်အများဆုံးရရှိမှုဇယားတွင် စတုတ္ထနေရာ ရပ်တည်နိုင်ခဲ့သည်။ မသန်စွမ်းအားကစားပြိုင်ပွဲကိုလည်း ယခု ဩဂုတ်လ ၂၄ ရက်တွင် စတင်ကျင်းပပေးရန် ရှိသည်။

“ဂရိတ်ဗြိတိန်အားကစားအဖွဲ့ချုပ်ဟာ ကျနော်တို့နိုင်ငံအတွက် အကောင်းဆုံးလုပ်ပြသွားခဲ့ပါတယ်။ အားကစား စွမ်းရည်၊ကြိုးစားမှုနဲ့ စံချိန်ချိုးတဲ့စွမ်းဆောင်ရည်တွေကို ပြသခဲ့တာလည်း ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်ဂျွန်ဆင်က ၎င်း၏ကြေညာချက်တွင် ချီးကျူးထားသည်။

“အခု ကျနော်တို့ ချပေးထားတဲ့ ရန်ပုံငွေအထောက်အပံ့ကနေ ဂရိတ်ဗြိတိန်အားကစားအဖွဲ့ချုပ်ဟာ အကောင်းဆုံး ဆက်လက်စွမ်းဆောင်ပါလိမ့်မယ်” ဟု ဂျွန်ဆင်က ဆက်လက်ပြောကြားခဲ့သည်။


Source: Channel News Asia, Reuters

#ဂရိတ်ဗြိတိန်

#ဝန်ကြီးချုပ်ဂျွန်ဆင်

#အိုလံပစ်

#မသန်စွမ်းအားကစားသမား

#ရန်ပုံငွေ

#အမေရိကန်

#ဗြိတိန်အစို

#CNImyanmar

#cninews

#ChannelNewsIndependent