CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၆

ဝက်စ်ဟမ်းအသင်းနည်းပြ ဒေးဗစ်မိုယက်စ်ဟာ ဖရန့်ဖတ်နဲ့ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ဘောကောက်ကို ဘောလုံးနဲ့ကန်ခဲ့တာကြောင့် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပြီး တောင်းပန်မှုပြုလုပ်သွားခဲ့ပါတယ်။

ယူရိုပါလိဂ် အကြိုဗိုလ်လုပွဲ ဒုတိယအကျော့အဖြစ် ကစားခဲ့တဲ့ ဒီပွဲမှာ ဝက်စ်ဟမ်းအသင်းက ဖရန့်ဖတ်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာပါ။ပထမအကျော့အဖြစ် ကစားခဲ့တဲ့ ပွဲတုန်းကလည်း ဖရန့်ဖတ်အသင်းက ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့် နှစ်ကျော့ပေါင်းရလဒ် ၃ ဂိုး-၁ ဂိုးနဲ့ ဖရန့်ဖတ်အသင်းအနိုင်ရပြီး ယူရိုပါလိဂ် ဗိုလ်လုပွဲတက်နိုင်ခဲ့တာပါ။ဒေးဗစ်မိုယက်စ်ကတော့ အချိန်ဆွဲနေခဲ့တဲ့ ဖရန့်ဖတ် ဘောကောက်ကို ဒေါသထွက် နေပြီး သူပေးတဲ့ဘောလုံးနဲ့ ကန်ခဲ့တာဖြစ်ပါတယ်။

ကွင်းလယ်ဒိုင်လူကြီး က ဒီလိုအပြုအမူလုပ်ခဲ့တဲ့ ဒေးဗစ်မိုယက်စ်ကို တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခဲ့တာပါ။

ဒေးဗစ်မိုယက်စ်က “ဘောလုံးနဲ့ ဘောကောက် ကောင်လေးကို ပြန်ကန်မိတဲ့အတွက် တောင်းပန်ပါတယ်။သူ ကျနော့်ကို ဘောလုံးပစ်ပေးတာ နှေးလွန်းပါတယ်။သူ့ကို မထိလိုက်ပါဘူး။ဖြတ်သွားရုံလောက်ပဲ ထင်ပါတယ်။ ဒီအတွက်တော့ ကျနော်တောင်းပန်ပါတယ်။ဒါပေမယ့် ဒီပွဲဟာ ကျနော်တို့ အနိုင်ယူဖို့ ကြိုးစားနေတဲ့ ပွဲကြီးပါ”လို့ ပြောခဲ့တာဖြစ်ပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ ဒီပွဲစဉ်ရဲ့ ပွဲချိန် (၁၇) မိနစ်မှာကတည်းက နောက်ခံလူ ခရက်စဝဲလ် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံရလို့ (၁၀) ဦးတည်းနဲ့ ကစားခဲ့ရတာပါ။အနိုင်ရခဲ့တဲ့ ဖရန့်ဖတ်အတွက်တော့ နှစ်ပေါင်း (၄၂) နှစ်အကြာ မှ ပထမဆုံးအကြိမ် ဥရောပပြိုင်ပွဲဗိုလ်လုပွဲ တက်နိုင်ခဲ့တာဖြစ်ပါတယ်။ပွဲသိမ်းခရာမှုတ်ချိန်မှာ ပရိသတ်တွေဟာ ကွင်းအတွင်းဝင်ရောက်လာခဲ့ပြီး ကစားသမားတွေနဲ့ ပျော်ရွှင်စွာ အောင်ပွဲခံခဲ့ကြတာပါ။

ဖရန့်ဖတ်အသင်းဟာ ယူရိုပါလိဂ် ဗိုလ်လုပွဲအဖြစ် လိုက်ပ်ဇစ်အသင်းကို အနိုင်ရခဲ့တဲ့ ရိန်းဂျားစ်အသင်းနဲ့ မေလ (၁၈) ရက် စပိန်နိုင်ငံ ဆီဗီးလ်မှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

Source:Goal