CNI Sport News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၄

မန်ချက်စတာယူနိုက်တက်အသင်း ယာယီနည်းပြ ရက်ဂ်နစ်က ဇန်နဝါရီ အပြောင်းအရွှေ့ မပိတ်ခင်မှာ ကစားသမားတွေဟာ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာသွားနိုင်တယ်လို့ ပြောလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ အခုအပြောင်းအရွှေ့မှာ ကစားသမားသစ်‌တွေ ခေါ်ယူဖွယ်မရှိတော့ပဲ ကစားသမား အချို့ကသာ အသင်းကနေ ထွက်ခွာနိုင်ဖွယ် ရှိနေတာပါ။ မန်ချက်စတာယူနိုက်တက် အသင်းဟာ သူတို့ရဲ့ ကစားသမားတွေ ကို ခေါ်ယူဖို့ ကလပ်အသင်းအချို့နဲ့ ညှိနှိုင်းမှုတွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

ရက်ဂ်နစ်က “ဘယ်ကစားသမားတွေက ထွက်ခွာချင်လဲဆိုတာ ကျနော်သိပါတယ်။ ကလပ်အသင်းတွေနဲ့ ညှိနှိုင်းမှုတွေ ရှိတယ်ဆိုတာ သိပေမယ့် ဒီကိစ္စမှာ ကျနော် မပါဝင်ပါဘူး။ ဘာဖြစ်လာမလဲဆိုတာတော့ အားလုံးစောင့်ကြည့်ရမှာပါ”လို့ သတင်းထောက်တွေကို ပြောခဲ့တာဖြစ်ပါတယ်။

မန်ယူနည်းပြ ရက်ဂ်နစ်ကို တွေ့ရစဉ်။(The Sun)

မာရှယ်၊ လင်ဂတ်၊ ဗန်ဒီဘိခ်၊ ဒိန်းဟန်ဒါဆန်နဲ့ မာတာတို့ကတော့ အသင်းကနေ ထွက်ခွာဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်ခံနေရ တာပါ။ သူတို့တွေဟာ ဒီရာသီမှာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် ပွဲကစားခွင့်ရဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ရက်က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဝက်စ်ဟမ်း အသင်းကို ၁ ဂိုး-ဂိုး မရှိနဲ့ အနိုင်ရပြီးနောက် အမှတ်ပေးဇယား အဆင့်(၄)နေရာကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းဟာ ဖေဖော်ဝါရီ ၅ ရက်မှာတော့ အက်ဖ်အေဖလား ပွဲစဉ်အဖြစ် မယ်ဒယ်ဘရော့ အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: Sport Smole