CNI Sport News
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၈
ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်မှူး မက်ဆီဟာ လာမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအတွက် အာဂျင်တီးနား လက်ရွေးစင် အသင်းနဲ့ ပူးပေါင်းဖို့ မရှိဘူးလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
အာဂျင်တီးနားအသင်းဟာ ဇန်နဝါရီ ၂၉ ရက်မှာ ချီလီအသင်းနဲ့ လည်းကောင်း၊ ဖေဖော်ဝါရီ ၁ ရက်မှာ ကိုလံဘီယာ အသင်းနဲ့ လည်းကောင်း ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေ ယှဉ်ပြိုင်ကစားဖို့ ရှိနေတာပါ။ အာဂျင်တီးနား အသင်းဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေ ဆက်လက်ကစားဖို့ ရှိနေပေမယ့် ကာတာမှာ ကျင်းပမယ့် ဒီပြိုင်ပွဲအတွက်တော့ ခြေစစ်ပွဲ တိုက်ရိုက် အောင်မြင် သွားခဲ့ပြီလည်း ဖြစ်ပါတယ်။
ဒေးလီးမေးလ်ကတော့ မက်ဆီဟာ ကိုဗစ် ကူးစက်ခံခဲ့ရတာကြောင့် ကြံ့ခိုင်မှုအပြည့်နဲ့ ပြန်လည်ယှဉ်ပြိုင်ဖို့ အာရုံစိုက်နေတာ ဖြစ်တယ်လို့ ဖော်ပြထားတာပါ။ အဲ့ဒါကြောင့်လည်း အခုတစ်ကြိမ်မှာ လက်ရွေးစင်အသင်းနဲ့ မပူးပေါင်းဖို့ ဆုံးဖြတ်ထားတာ လည်း ဖြစ်ပါတယ်။ ပီအက်စ်ဂျီ တိုက်စစ်မှူးဟာ ခရစ္စမတ်ကာလက အာဂျင်တီးနားကို ပြန်ရာမှာ ကိုဗစ်ကူးစက်ခံခဲ့ရတာ ဖြစ်ပြီး အခုအချိန်မှာ ပြန်သက်သာလာပြီ ဖြစ်တဲ့အတွက် အသင်းနဲ့ အမြန်ဆုံး ပြန်လည်လက်တွဲနိုင်အောင် လေ့ကျင့်နေတာ ဖြစ်ပါတယ်။
မက်ဆီကိုတွေ့ရစဉ်။(The Mirror)
မက်ဆီဟာ အာဂျင်တီးနား လက်ရွေးစင်အသင်းအတွက် ကိုပါအမေရိက ဖလားပြိုင်ပွဲ မတိုင်ခင်ကတည်းက ပွဲတိုင်းနီးပါး ပါဝင်ကစားခဲ့တာပါ။ မက်ဆီသည် အာဂျင်တီးနား လက်ရွေးစင်အသင်းကို ကိုပါအမေရိကဖလား ချန်ပီယံဆုနဲ့ ၂၀၂၂ ကမ္ဘာ့ ဖလားခြေစစ်ပွဲ အောင်မြင်နိုင်အောင် အဓိက စွမ်းဆောင် ပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် မက်ဆီဟာ ပီအက်စ်ဂျီ အသင်းမှာတော့ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတာကြောင့် ဝေဖန်ခံနေရပါတယ်။
လက်ရှိမှာတော့ မက်ဆီဟာ ပြင်သစ်ကလပ်အတွက် ပြိုင်ပွဲစုံ ၁၆ ပွဲပါဝင်ကစားထားပြီး ၆ ဂိုးသွင်းယူထားတာပါ။ ပြင်သစ် လီဂူးဝမ်းပြိုင်ပွဲမှာ ၁ ဂိုးနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၅ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။ မက်ဆီဟာဆိုရင် ဒုတိယရာသီဝက်မှာ ပီအက်စ်ဂျီ အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြသနိုင်ဖို့ စိတ်ပိုင်း ဖြတ်ထားတာ ဖြစ်ပါတယ်။ သတင်းအချို့မှာတော့ မက်ဆီဟာ ပီအက်စ်ဂျီအသင်းမှာ မပျော်ရွှင်သလို သူ့ရဲ့ဇနီးကလည်း အသင်းဟောင်း ဘာစီလိုနာ အသင်းထံ ပြန်လည် ပြောင်းရွှေ့ဖို့ တွန်းအားပေးနေတယ်လို့ ဖော်ပြနေကြပါတယ်။
မက်ဆီဟာဆိုရင် ဘာစီလိုနာ အသင်းနဲ့ ပြီးခဲ့တဲ့ နွေရာသီက စာချုပ်ကုန်ဆုံးခဲ့တာကြောင့် ပီအက်စ်ဂျီ အသင်းထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့ပြီး ၂ နှစ် စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။
Source: Sport Smole.com