CNI Sport News

၂၀၂၆ ခုနှစ်၊ မတ် ၁၆

အီရတ်အသင်းဟာ သူတို့ရဲ့ကမ္ဘာ့ဖလား ပလေးအော့ဖ်ပွဲအတွက် မက္ကဆီကိုနိုင်ငံထံ လာရောက်မယ်လို့ နိုင်ငံအသင်းရဲ့ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အက်ဒ်နန်ဒါဂျယ်လ်က ပြောခဲ့ပါတယ်။ 

အီရတ်အသင်းနည်းပြ ဂရေဟမ်အာနိုးလ်က အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် ခရီးသွားလာမှု အခက်အခဲတွေနဲ့ ရင်ဆိုင်နေရလို့ သူတို့ရဲ့ကမ္ဘာ့ဖလားပလေးအော့ဖ်ပွဲကို ရွှေ့ဆိုင်းပေးဖို့ မကြာသေးမီမှာ ပြောထားခဲ့တာပါ။

အခုအချိန်မှာတော့ အီရတ်ဘောလုံးအဖွဲ့ချုပ်က သူတို့ဟာ မက္ကဆီကိုနိုင်ငံထံ လာရောက်မယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။ 

အီရတ်အသင်းကစားသမားများ

အီရတ်အသင်းဟာ ဘိုလီးဗီးယားနဲ့ ဆူရီနမ်အသင်းတို့ပွဲက အနိုင်ရတဲ့အသင်းနဲ့ မတ်လ ၃၁ ရက်ကြရင် မွန်တာရေးမှာ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

အီရတ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အက်ဒ်နန်ဒါဂျယ်လ်က အဖွဲ့ချုပ်ဟာ ဒေသတွင်းအခြေအနေနဲ့ လက်ရွေးစင် အသင်းရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ရှင်းပြဖို့အတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ထံ စာရေးသားမှုပြုလုပ်ခဲ့တာပါ။ 

ဖီဖာဟာ ပူးပေါင်းဆောင်ရွက်မှုတွေရှိခဲ့ပြီး အီရတ်အသင်းဖြစ်နေတဲ့ အတားအဆီးတွေကို ကျော်လွှားနိုင်ဖို့ အကူအညီပေးခဲ့တယ်လို့ အက်ဒ်နန်ဒါဂျယ်လ်က ပြောခဲ့ပါတယ်။ 

 အီရတ်အသင်းနည်းပြ ဂရေဟမ်အာနိုးလ်

ဒါ့အပြင် အက်ဒ်နန်ဒါဂျယ်လ်က အီရတ်အသင်းဟာ ဝင်ခွင့်ဗီဇာတွေရရှိထားပြီးဖြစ်ကာ ဥရောပအခြေစိုက် ကစားသမားတွေ သီးခြားစီပါဝင်တဲ့ စင်းလုံးငှားလေယာဉ်နဲ့ ပျံသန်းလာမှာဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။ 

အီရတ်အသင်းဟာ ၁၉၈၆ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခွင့်ရရှိဖို့ ရည်မှန်းထားတာကြောင့် လူစာရင်း အပြည့်အဝ မပါဝင်နိုင်ရင် ကမ္ဘာ့ဖလားဝင်ခွင့်ကြိုးပမ်းမှုကို ထိခိုက်နိုင်တယ်လို့ နည်းပြဂရေဟမ်အာနိုးလ်က သတိပေးထားပါတယ်။