CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၁၆
အင်္ဂလန်နောက်ခံလူဟောင်း အက်ရှ်လေကိုးလ်ကို စီးရီးဘီကလပ် စီဆီနာအသင်းက ဒီရာသီကုန်အထိ နည်းပြအဖြစ်ခန့်အပ်ကြောင်း ကြေညာခဲ့ပါတယ်။
သူ့မျိုးဆက်မှာ အကောင်းဆုံးဘယ်နောက်ခံလူတွေထဲက တစ်ဦးအဖြစ်သတ်မှတ်ခံခဲ့ရတဲ့ အက်ရှ်လေကိုးလ်ဟာ ၂၀၁၉ ခုနှစ်မှာ နည်းပြလောကထဲကို ဝင်ရောက်ခဲ့ပြီးနောက် ဒါက သူ့ရဲ့ပထမဆုံးအသင်းကြီး နည်းပြရာထူးဖြစ်တာပါ။
အက်ရှ်လေကိုးလ်ဟာ ကစားသမားဘဝကနေအနားယူပြီးနောက် ချယ်လ်ဆီးအကယ်ဒမီမှာ နည်းပြဘဝ စတင်ခဲ့ကာ ဒီနောက်ပိုင်းမှာ အဲဗာတန်၊ဘာမင်ဂမ်နဲ့ အင်္ဂလန်အသင်းတွေမှာ နည်းပြအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။
စီဆီနာအသင်းဟာ ဒီရာသီစီးရီးဘီပြိုင်ပွဲမှာ အဆင့် ၈ နေရာရပ်တည်နေပြီး စီးရီးအေပြိုင်ပွဲထံ တန်းတက်နိုင်ဖို့ ပလေးအော့ဖ်ကစားရမယ့် နေရာမှာရှိနေတာပါ။
အဲဒါကြောင့် အက်ရှ်လေကိုးလ်ဟာ စီဆီနာအသင်းကို လာမယ့်ရာသီစီးရီးအေပြိုင်ပွဲထံ တန်းတက်နိုင်အောင် ကူညီပေးရတော့မှာဖြစ်ပါတယ်။

နည်းပြအက်ရှ်လေကိုးလ်
စီဆီနာအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ၇ ပွဲမှာ နိုင်ပွဲပျောက်ဆုံးနေပြီး ၃ ပွဲသရေ၊ ၄ ပွဲရှုံးနိမ့်ထားတာပါ။
စီဆီနာအသင်းက နည်းပြအက်ရှ်လေကိုးလ်နဲ့ သူ့ရဲ့နည်းပြအဖွဲ့ဝင်တွေကို ကြိုဆိုကြောင်းနဲ့ စွန့်စားခန်းအသစ်မှာ အကောင်းဆုံးဖြစ်ဖို့ဆန္ဒပြုကြောင်း ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
အက်ရှ်လေကိုးလ်ဟာ ကစားသမားဘဝမှာ ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်၊ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ဖလား အပါအဝင် ဆုဖလားအောင်မြင်မှုအများအပြားရယူပေးနိုင်ခဲ့ပါတယ်။
စီဆီနာအသင်းဟာ လာမယ့်ပွဲအဖြစ် မန်တိုဗာအသင်းနဲ့ စီးရီးဘီပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပြီး အက်ရှ်လေကိုးလ်ဟာ ဒီပွဲကို စီဆီနာအသင်းနည်းပြဘ၀ သူ့ရဲ့ပထမဆုံးပွဲအဖြစ် ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။
