၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃

ချယ်လ်ဆီးအသင်းနည်းပြ တူချယ်လ် က တနင်္လာနေ့မှာ လူကာကူနဲ့ဆွေးနွေးမှုတွေ ပြုလုပ်သွားမယ်လို့ အတည်ပြု ပြောဆိုလိုက်ပါတယ်။

လူကာကူဟာ Sky Italia နဲ့ အင်တာဗျုးပြုလုပ်ခဲ့ရာမှာ ချယ်လ်ဆီး အသင်းမှာ မပျော်ရွှင်ဘူးဆိုတဲ့ စကား အပါအဝင် အကြောင်းအရာအများအပြားကို ပြောခဲ့တာပါ။ ဘယ်လ်ဂျီယံကစားသမားရဲ့ ဒီလို ပြောဆိုခဲ့မှုကြောင့် ချယ်လ်ဆီးအသင်းဟာ ဇန်နဝါရီ (၂)ရက်က ကစားခဲ့တဲ့ လီဗာပူးလ်အသင်း နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ပွဲကြီး ပွဲကောင်းမှာ လူကာကူကို အသင်းလူစာရင်းကနေ ချန်လှပ်ခဲ့တာပါ။

NBC Sports မှာ ဝေဖန်သုံးသပ်သူအဖြစ် လုပ်ကိုင်နေတဲ့ လူကာကူရဲ့ အဲဗာတန် အသင်းဖော်ဟောင်း တင် ဟောင်းဝပ်က ဘယ်လ်ဂျီယံ ကစားသမားဟာ လက်ရှိအချိန်မှာ တိတ်တ ဆိတ်ရှိနေပြီး တနင်္လာနေ့မှာ ချယ်လ်ဆီး အသင်းနဲ့ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားတယ်လို့ ပြောခဲ့ပါတယ်။ ဂျာမန်လူမျိုးနည်းပြကတော့ လူကာကူနဲ့ အပြင်း အထန်ဆွေးနွေးသွားမယ်လို့ အတည်ပြုခဲ့ပြီး ချယ်လ်ဆီးအသင်းအနေနဲ့ ကစားသမားကို ဘယ်လိုအရေးယူမှုမျိုး ပြုလုပ်ရမလဲဆိုတာကို မသိရသေးတာပါ။

ဆိုးရွားခဲ့တဲ့ ရက်သတ္တပတ်အတွင်း လူကာကူအတွက် ပြန်လမ်းရှိလားလို့ မေးမြန်းခဲ့ရာမှာ တူချယ်လ်က “ဒါတွေက ကျနော်တို့ ကစားသမားဖြစ်တဲ့အတွက် အမြဲတမ်းပြန်လမ်းရှိပါတယ်။ ဒါပေမယ့် ဒီအခြေအနေတွေကို ကော့ဘ် ဟမ်းမှာ တံခါးပိတ်ပြီး ကျနော်တို့ရှင်းလင်းသွားပါမယ်။ ကျနော်တို့ ဆုံးဖြတ်ချက်ချပြီးတာနဲ့ ကလပ်၊ နည်းပြ၊ ရိုမီလူတို့ သိမှာပါ။ အဲဒါပြီးရင် ခင်ဗျားတို့လည်း ဒါကို သိမှာပါ”လို့ ပြောခဲ့ပါတယ်။

လူကာကူအနေနဲ့ ဗုဒ္ဓဟူးနေ့မှာ ကစားမယ့် စပါးအသင်းနဲ့ ကာရာဘောင်းဖလားအကြိုဗိုလ်လုပွဲမှာ ပါဝင်နိုင်ဖွယ် ရှိလားလို့ ထပ်မံမေးမြန်းခဲ့ရာမှာ တူချယ်လ်က “ဒါကို ကြည့်ကြတာပေါ။ မနက်ဖြန်မှာ ဒါကို ကျနော်တို့ ဆုံးဖြတ်ပါ မယ်။ ကျနော်တို့အစည်းအဝေးလုပ်မယ်၊ အဲဒီမှာ ဆုံးဖြတ်ချက်တွေ ချပြီးရင် ခင်ဗျားတို့ကို ကျနော် အကြောင်း ကြားမယ်လို့” ဖြေခဲ့တာဖြစ်ပါတယ်။ လူကာကူဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ အင်တာမီလန်အသင်း ကနေ ချယ်လ်ဆီးအသင်းကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြန်လည်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် သူဟာ ချယ်လ်ဆီးအသင်းမှာ မပျော်ရွှင်တဲ့အပြင် အသင်းဟောင်း အင်တာမီလန်အသင်းထံ ပြန်သွား ချင်တယ်လို့ ပြောခဲ့တာဟာ နည်းပြ တူချယ်လ်အတွက်ရော အသင်းကို အားပေးတဲ့ ပရိသတ်တွေအတွက်ပါ ဒေါသထွက်ချင်စရာဖြစ်ခဲ့တာပါ။ လူကာကူဟာ မကြာသေးခင်ကမှ ကိုဗစ်ကူးစက်မှုကနေ ပြန်လည်သက်သာ လာခဲ့ပြီး အက်စတွန်ဗီလာ၊ ဘရိုက်တန်တို့နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းအတွက် ပါဝင်ကစားခဲ့ပြီး (၂)ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အင်တာဗျုးမှာ ပြောခဲ့တဲ့အရာတွေကြောင့် လူကာကူဟာ လီဗာ ပူးလ်နဲ့ပွဲမှာ လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတာပါ။ ဒီပွဲမှာ ချယ်လ်ဆီးအသင်းဟာ လီဗာပူးလ်အသင်းနဲ့ တဖက်(၂) ဂိုးစီ သရေကျခဲ့တာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဒီ ရလဒ်ကြောင့် ထိပ်ဆုံးက မန်စီးတီးအသင်းနဲ့ (၁၀)မှတ်အကွာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့်(၂) နေရာမှာ ဆက်လက်ရပ်တည်နေတာဖြစ်ပါတယ်။

Source: Metro