CNI Sport News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၃

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြ ရက်ဂ်နစ်ကတော့ တိုက်စစ်မှူး ကာဗာနီ ကို ရာသီကုန်တဲ့ အထိ အသင်းမှာ ဆက်ရှိစေချင်တယ်လို့ ပြောလိုက်ပါတယ်။ ဥရုဂွေး တိုက်စစ်မှူးဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ် သက်တမ်းကုန်ဆုံးပြီးနောက် (၂၀၂၀) နွေရာသီက မန်ချက်စတာယူနိုက်တက်အသင်းကို အလွတ် ပြောင်းရွှေ့ကြေး နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာကလပ်ဟာ ကာဗာနီကို (၂၀၂၂) ဇွန်လအထိ စာချုပ်သက်တမ်း တိုးထားခဲ့တာပါ။

အခု ဇန်နဝါရီ အပြောင်းအရွှေ့မှာတော့ ကာဗာနီကို ခေါ်ယူဖို့ ဘာစီလိုနာအသင်းအပါအဝင် အသင်းအများအပြား က စိတ်ဝင်စားနေကြတာလည်းဖြစ်ပါတယ်။ “ကျနော် သူ့ကို အသင်းကနေ ပေးမထွက်ဘူးဆိုတာ သူ သိပါတယ် လို့ ” ရက်ဂ်နစ် က ပြောခဲ့ပါတယ်။ အသက်(၃၄)နှစ်အရွယ်ရှိ ကာဗာနီဟာ နယူးကာဆယ်အသင်းနဲ့ တဖက်တစ်ဂိုး စီ သရေကျခဲ့တဲ့ပွဲမှာ လူစားဝင်ကစားခဲ့ပြီး အသင်းအတွက် ချေပဂိုးသွင်းယူနိုင်ခဲ့တာပါ။ ဒါ့အပြင် ကာဗာနီဟာ ဘန်လေအသင်းကို (၃)ဂိုး-(၁)ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာတော့ ရော်နယ်ဒိုနဲ့အတူ တွဲဖက်ပြီး ပွဲထွက်ခွင့် ရရှိခဲ့တာ ဖြစ်ပါ တယ်။

ရက်ဂ်နစ်က “ကျနော့်အတွက် သူက အလွန်အရေးကြီးတဲ့ ကစားသမားဖြစ်တယ်ဆိုတာကို ပထမဆုံးနေ့က တည်းက သူ့ကို ပြောခဲ့တာပါ။ သူဟာ တိုက်စစ်မှူးအဖြစ် ဂိုးပြန်သွင်းပြီး ဂိုးပေါက်တည့်အောင် ကစားနိုင်တဲ့ တဦးတည်းသောသူလည်း ဖြစ်နိုင်ပါတယ်။ ကျနော်ပြောခဲ့သလိုပဲ သူ့ရဲ့ ပရော်ဖက်ရှင်နယ်ဆန်မှု၊ အလုပ်နဲ့ ပတ်သက်တဲ့ ကျင့်ဝတ်က အံသြဖို့ကောင်းပါတယ်။ ကျနော် သူ့ကို ရာသီကုန်တဲ့အထိ ဆက်ရှိစေချင်တယ်လို့ ပြောခဲ့ပါတယ်။ ဒါကိုသူလည်းသိပါတယ်။ ကျနော်သူ့ကို ဘယ်လောက်အဆင့်သတ်မှတ်ပြီး ဘယ်လောက် လေးစားမှုရှိသလဲဆိုတာကို သူသိပါတယ်။ ကျနော်တို့ အက်ဒီဆင်ကို လိုအပ်တယ်ဆိုတာ အသေအချာပါပဲ”လို့ ပြောခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်း တိုက်စစ်မှူး တဦးဖြစ်တဲ့ မာရှယ်ကလည်း ဒီ  အပြောင်းအရွှေ့မှာအသင်းက ထွက်ခွာချင်နေတာဖြစ်ပေမယ့် အသင်းကတော့ ဆီဗီလာရဲ့ ကမ်းလှမ်းမှုကို  ပယ်ချထားတာပါ။ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ရော်နယ်ဒို၊ ကာဗာနီ၊ ရက်ရှ်ဖိုဒ့်နဲ့ ဂရင်းဝုဒ် အပါအဝင် လူငယ်ကစားသမား အချို့ရှိနေပေမယ့် ရက်ဂ်နစ်ကတော့ ကာဗာနီအသင်းမှာ ဆက်ရှိဖို့ ပိုအရေးကြီးတယ်လို့လည်း ပြောခဲ့ပါတယ်။

ဥရုဂွေး ကစားသမားဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ(၄၉)ပွဲ ပါဝင်ကစားထားပြီး (၁၉)ဂိုး သွင်းယူထားတာပါ။ ကာဗာနီဟာ ပြီးခဲ့တဲ့ရာသီက မန်ချက်စတာကလပ်အတွက် အဓိကကစားသမားအဖြစ် ပါဝင်ခဲ့ရပေမယ့် ဒီရာသီမှာ ရော်နယ်ဒို ရောက်လာခြင်းအပါအဝင် ဒဏ်ရာအခြေအနေတွေကြောင့် ပွဲကစားချိန် အကန့်အသတ်သာ ရရှိနေတာဖြစ်ပါတယ်။ အဲဒါကြောင့်လည်း ကာဗာနီဟာ အသင်းက ထွက်ခွာဖို့ စဉ်းစား နေတယ်လို့ သတင်းတွေမှာ ဖော်ပြထားတာဖြစ်ပါတယ်။

Source: BBC