CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၁

နွေရာသီ အပြောင်းအရွှေ့ နောက်ဆုံးနေ့က ဘရန်ဖို့ဒ်အသင်းကနေ ခေါ်ယူခဲ့တဲ့ တိုက်စစ်မှူးသစ် ဝီဆာဟာ ကွန်ဂို အတွက် နိုင်ငံတကာ ပွဲပါဝင်ကစားချိန်မှာ ဒူးဒဏ်ရာ ခံစားခဲ့ရတာကြောင့် အနည်းဆုံး ၄ ပတ်ကြာ အနားယူရဖွယ် ရှိတယ်လို့ နယူးကာဆယ်အသင်းနည်းပြ အက်ဒီဟောင်းက ပြောခဲ့ပါတယ်။ 

အက်ဒီဟောင်းက “လူတိုင်းက ဝီဆာကို အမြန်ကောင်းမွန် စေချင်နေပါတယ်။ နိုင်ငံတကာ ပွဲကစားခဲ့ချိန်မှာ ဒဏ်ရာရရှိခဲ့တဲ့ သူ့ရဲ့အခြေအနေကို ကျနော်တို့ အကောင်းဆုံး ကိုင်တွယ်နိုင်ဖို့ လိုပါတယ်။ လာမယ့် နိုင်ငံတကာ ပွဲစဉ်အပြီးအထိ သူအနားယူရမယ်လို့ ကျနော်ထင်ပါတယ်။ ဘရိုက်တန်အသင်းနဲ့ပွဲစဉ်မှာ သူပြန်လာနိုင်ဖို့ မျှော် လင့်ပြီး သူဟာ ကျနော်တို့အတွက် အလွန်အရေးပါတဲ့ ကစားသမားဖြစ်လာမှာပါ”လို့ ပြောခဲ့တာပါ။ 

နယူးကာဆယ်အသင်းဟာ ဝီဆာကို ခေါ်ယူနိုင်ဖို့ ပြီးခဲ့တဲ့နွေရာသီက ကြိုးပမ်းမှု အများအပြား ပြုလုပ်ခဲ့ပြီး အစော ပိုင်း ကမ်းလှမ်းမှုတွေကို ဘရန်ဖို့ဒ်အသင်းက ပယ်ချခဲ့ပေမယ့် နောက်ဆုံးမှာ ပေါင် ၅၅ သန်းနဲ့ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

နယူးကာဆယ်အသင်းဟာ လီဗာပူးလ်အသင်းထံ ပြောင်းရွှေ့ခဲ့တဲ့ တိုက်စစ်မှူး အစ်ဆက်ရဲ့ နေရာမှာ တိုက်စစ်မှူး အားဖြည့်တဲ့ အနေနဲ့ ဝီဆာကို ခေါ်ယူခဲ့တာပါ။

ဒါပေမယ့် ဝီဆာဟာ နယူးကာဆယ်အသင်းအတွက် တစ်ပွဲမှ ပါဝင်ကစားရခြင်း မရှိသေးဘဲ ဒဏ်ရာကြောင့် အနားယူနေရပါတယ်။

နယူးကာဆယ်အသင်းနည်းပြ အက်ဒီဟောင်းက အောက်တိုဘာ ၁၈ ရက်မှာ ကစားမယ့် ဘရိုက်တန်အသင်းနဲ့ ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ်မှာ ဝီဆာအသင်းအတွက် ပါဝင်နိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ 

ဝီဆာရဲ့ ဒဏ်ရာကြောင့် စတုဂတ်အသင်းကနေ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၆၉ သန်းနဲ့ ခေါ်ယူခဲ့တဲ့ တိုက်စစ်မှူးသစ် ဝေါလ်တီမာဒီဟာ အသင်းရဲ့ တိုက်စစ်ပိုင်းကို ဦးဆောင်ရဖို့ ရှိနေတာပါ။ 

ဝေါ်လ်တီမာဒီဟာ ပြီးခဲ့တဲ့ ဝုလ်ဗ်စ်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ နယူးကာဆယ်အသင်းအတွက် အနိုင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ 

နယူးကာဆယ်အသင်းနည်းပြ အက်ဒီဟောင်းက ဝေါ်လ်တီမာဒီဟာ ပရီးမီးယားလိဂ်နဲ့ လိုက်လျောညီထွေဖြစ်ဖို့ ကြိုးစားရဦးမယ်လို့ ပြောခဲ့ပါတယ်။ 

နယူးကာဆယ်အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၅ အဖြစ် ဘုန်းမောက်အသင်း အိမ်ကွင်း သွားရောက် ယှဉ်ပြိုင် ရမှာ ဖြစ်ပါတယ်။ 

Source: CNA