CNI Sport News

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၃

ဘက်ဆီတပ်စ်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေထွက်နေတဲ့ ယူနိုက်တက်အသင်းတောင်ပံကစားသမား ဆန်ချိုကို သူခေါ်ယူချင်တယ်လို့ ဘက်ဆီတပ်စ်အသင်းဥက္ကဋ္ဌ ဆာဒဲလ်အက်ဒလီက ပြောခဲ့ပါတယ်။

ဆာဒဲလ်အက်ဒလီက “အသိုင်းအဝန်းက သူ့ကိုလိုချင်သလို ကျနော်လည်း သူ့ကိုခေါ်ယူချင်ပါတယ်။ ကျနော် တို့ရဲ့ဆန္ဒတစ်ခုတည်းက အရေးမပါဘဲ ကစားသမားက ဒီလိုလာချင်တယ်ဆိုရင် အပြောင်းအရွှေ့က ဖြစ်သွားမှာပါ။ ကျနော်တို့မှာ ဘတ်ဂျက်ရှိသလို သူ့ကို ဒီ ခေါ်ဆောင်နိုင်ဖို့ အကောင်းဆုံးအရာတွေ ကျနော်တို့ လုပ်ဆောင် သွားမှာပါ။ ဆန်ချိုလို ကစားသမားတွေဟာ ချန်ပီယံလိဂ်မှာ ကစားရတာကို ပိုပြီးနှစ်သက်ကြပါတယ်။ ဖြစ်နိုင်တယ်ဆိုရင် ကျနော်တို့သူ့ကို ခေါ်ယူသွားမှာပါ” လို့ Turkiye Today ကို ပြောခဲ့တာပါ။ 

ပြီးခဲ့တဲ့ရာသီက ချယ်လ်ဆီးအသင်းမှာ အငှားကစားခဲ့တဲ့ ဆန်ချိုဟာ ယူနိုက်တက်အသင်းရဲ့အစီအစဉ်မှာ မပါဝင်တော့ဘဲ အသင်းနဲ့အဝေးမှာ သီးခြားလေ့ကျင့်မှုတွေပြုလုပ်နေရတာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဆန်ချိုကို အပြီးသတ်ရောင်းချချင်နေသလို ကစားသမားကိုယ်တိုင်ကလည်း အသင်းကနေ အပြီးသတ် ထွက်ခွာ ချင်နေတာပါ။

တူရကီကလပ် ဘက်ဆီတပ်စ်အသင်းဟာ ဆန်ချိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲက တစ်သင်းလည်း ဖြစ်ပါတယ်။

ဘက်ဆီတပ်စ်အသင်းပရိသတ်တွေဟာ ဆန်ချို သူ့ရဲ့ဆိုရှယ်မီဒီယာပေါ် နောက်ဆုံးတင်ထားတဲ့ ပို့စ်မှာ ဘက်ဆီတပ်စ်အသင်းထံ လာပါဆိုတဲ့ မှတ်ချက်တွေရေးသားခဲ့ကြတာပါ။

ဆန်ချိုရဲ့ဒီပို့စ်မှာ မှတ်ချက်ပေါင်း ၅ သန်းကျော်အထိ ရှိနေပြီလို့ သိရပါတယ်။

ဆန်ချိုအနေနဲ့ ဘက်ဆီတပ်စ်အသင်းထံ ပြောင်းရွှေ့ခဲ့ရင် ယူနိုက်တက် အသင်းနည်းပြဟောင်းဆိုးလ်ရှားနဲ့ ပြန်လည်ပြီး လက်တွဲအလုပ်လုပ်ကိုင်ရမှာပါ။

ဆန်ချိုကို ခေါ်ယူဖို့ အသင်း ဟောင်း ဒေ့ါမွန်အသင်းအပါအဝင် စီးရီးအေကလပ်အသင်းအချို့က သူ့ကို အပြောင်းအရွှေ့ နောက်ဆုံးရက် သတ္တပတ်မတိုင်မီ ကမ်းလှမ်းမှုတွေပြုလုပ်လာဖို့လည်း ရှိနေပါတယ်။

ဥရောပလိဂ်ပြိုင်ပွဲတွေ ပြန်လည်စတင်နေပြီဖြစ်တာကြောင့် ဆန်ချိုဟာ သူ့ရဲ့အနာဂတ်ကို အမြန်ဆုံးဖြေရှင်းပြီး အသင်းသစ်နဲ့အတူ ပူးပေါင်းကာ ရာသီသစ်အတွက် ပြိုင်ပွဲတွေမှာ ပါဝင်ကစားဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။ 

Source:Goal