၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၆

ဖော်မြူလာဝမ်းပြိုင်ပွဲရဲ့ နာမည်ကြီးကားမောင်းသမားဖြစ်တဲ့ ဆာဟာမီလ်တန်ဟာ ဝင်ဆာရဲတိုက် မှာ မင်းသား ချားလ်ဆီကနေ သူရဲကောင်းဘွဲ့ကို ရယူနေတဲ့အချိန်မှာ သူ့ရဲ့ မိခင်ဖြစ်သူက ဂုဏ်ယူစွာနဲ့ကြည့်နေခဲ့တယ်လို့ The Sun ကဖော်ပြပါတယ်။

အသက်(၃၆)နှစ်အရွယ်ရှိ ဟာမီလ်တန်ဟာ ဖော်မြူလာဝမ်းပြိုင်ပွဲမှာ သူရဲ့စွမ်းဆောင်မှုတွေအတွက် အခုလို ဂုဏ်ပြုဆုကို ရရှိခဲ့တာလည်းဖြစ်ပါတယ်။ ဟာမီလ်တန်ဟာ သူရဲကောင်းဘွဲ့ကိုရခဲ့တဲ့ လေးဦးမြောက် ဖော်မြူလာ ဝမ်းကားမောင်းသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့တာပါ။

ဟာမီလ်တန်ရဲ့ ဒီလိုအောင်မြင်မှုတွေမှာ သူ့မိခင်ဖြစ်သူရဲ့ ရင်းနှီးမြုပ်နှံမှုတွေ အများကြီးပါဝင်တာလည်းဖြစ်ပါ တယ်။ ဗြိတိန်ကားမောင်းသမားဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အဘူဒါဘီမှာ ဗာစတန်ပန်ကို အရေးနိမ့်ပြီး ကမ္ဘာ့ ချန်ပီယံဆုကို လက်လွှတ်ခဲ့ရပေမယ့် ဖော်မြူလာဝမ်း ကမ္ဘာ့ချန်ပီယံဆုကို စံချိန်တင် (၇) ကြိမ်မြောက် ရယူ ထားတာဖြစ်ပြီး ဂရမ်းပရီပြိုင်ပွဲမှာ စံချိန်တင်(၁၀၃)ပွဲ အနိုင်ရထားတာလည်း ဖြစ်ပါတယ်။

ဟာမီလ်တန်ဟာ ဖော်မြူလာဝမ်းပြိုင်ပွဲရဲ့ နာမည်ကြီးတွေဖြစ်တဲ့ ဆာစတီးဝါတ့်၊ဆာမော့စ်နဲ့ ဆာဘရက်ဘ်ဟမ်း တို့ရဲ့ခြေရာကို လိုက်နင်းနိုင်ခဲ့သူပါ။ ဟာမီလ်တန်ဟာ ပထမဆုံး ကမ္ဘာ့ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီးနောက် တစ်နှစ်အကြာ (၂၀၀၉)ခုနှစ်မှာလည်း MBE ဆုတံဆိပ်ကို ရယူနိုင်ခဲ့ပါတယ်။
သူက အခုရာသီ ဖော်မြူလာ ဝမ်းပြိုင်ပွဲမှာလည်း ချန်ပီယံဖြစ်ဖို့ ရေပန်းစားခဲ့ပေမယ့် နောက်ဆုံးပြိုင်ပွဲမှာ အငြင်းပွားဖွယ် ဆုံးဖြတ်ချက် တချို့ကြောင့် နောက်ဆုံးပတ်လမ်းမှာ ဗာစတန်ပန်ရဲ့ကျော်တက်ခြင်းကို ခံခဲ့ရပြီး ချန်ပီယံဆုကို လက်လွှတ် ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

သူရဲကောင်းဘွဲ့နဲ့ပတ်သက်ပြီး ဟာမီလ်တန် က “ဒီလိုဂုဏ်ယူစရာအကြောင်းကို တွေးမိရင် စစ်ပွဲမှာ အမှုထမ်းခဲ့တဲ့ ကျနော့်အဖိုးလို လူတွေအကြောင်းကို တွေးမိပါတယ်။ ကျနော်ဟာ တော်ဝင်မိသားစုကို ဘယ်တော့မှ ငြင်းပယ်မှာ မဟုတ်ပါဘူး။ကျနော်ဟာ ဗြိတိန်မှာ ကြီးပြင်းခဲ့ပြီး သူတို့ရဲ့အမာခံ ပရိသတ်တွေပါ”လို့ပြောပါတယ်။

ဒါ့အပြင် ဟာမီလ်တန် က “ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေတဲ့ အရာအားလုံးနဲ့ ကျနော်လုပ်ခဲ့တဲ့ အလုပ်တွေကို ခဏတာ အသိအမှတ်ပြုခံရတယ်ဆိုတာကို ကြားရတာဟာ အလွန်အံမခန်းဖွယ်ကောင်းပါတယ်။ ခင်ဗျားကို အသိအမှတ် ပြုပြီး ဒီလိုမျိုးဆုနဲ့ဂုဏ်ပြုတဲ့နိုင်ငံထက် ကြီးမားတဲ့ ဂုဏ်ယူမှုဆိုတာမျိုးမရှိဘူး”လို့ ပြောခဲ့ပါတယ်။

Source: Thesun