CNI Sport News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၆

စီးရီးအေ လက်ရှိချန်ပီယံ အင်တာမီလန် အသင်းဟာ ဒိန်းမတ်ကွင်းလယ်ကစားသမား အဲရစ်ဆင်နဲ့ ချုပ်ဆို ထားတဲ့ စာချုပ်ကို ဖျက်သိမ်းဖို့ ပြင်ဆင်နေတယ်လို့ ဘီဘီစီ သတင်းမှာ ဖော်ပြထားပါတယ်။

အဲရစ်ဆင်ဟာ ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ်ဖြစ်တဲ့ ဖင်လန်နဲ့ ပွဲမှာ နှလုံးရောဂါကြောင့် ကွင်းအတွင်းလဲကျပြီး ကတည်းက အခုအချိန်ထိ ပွဲမကစားရသေးတာဖြစ်ပါတယ်။ အဲရစ်ဆင်ဟာ မကြာသေးခင်ကမှ သူ့ရဲ့ ဒိန်းမတ် အသင်းဟောင်းက စီစဉ်ပေးထားတဲ့ အစီအစဉ်တွေနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်နေတာပါ။

ဒါပေမယ့် အဲရစ်ဆင်ဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို ဘယ်မှာ ပြန်စမလဲဆိုတာနဲ့ပတ်သက်ပြီး အခု အချိန်အထိ အတည်ပြုချက်မရသေးတာလည်းဖြစ်ပါတယ်။ စပါး ကစားသမားဟောင်းဟာ နှလုံးခုန်နှုန်း စက်ဖြစ်တဲ့ (ICD) ကို တပ်ဆင်ထားရတာကြောင့် စီးရီးအေမှာကစားလို့မရတာဖြစ်ပါတယ်။ အီတလီရဲ့ ကျန်းမာရေးအာဏာပိုင်တွေဟာ အဆိုပါစက်တပ်ဆင်ထားတဲ့ ကစား သမားတွေကို စီးရီးအေမှာ ကစားခွင့် ပိတ်ပင်ထားတာကြောင့် အဲရစ်ဆင်ဟာ အင်တာမီလန်မှာ ကစားဖို့ ဖြစ်နိုင်ဖွယ်မရှိတော့တာပါ။

အင်တာမီလန်အသင်းကလည်း ဒီလိုအခြေအနေတွေကြောင့် အဲရစ်ဆင်ကို အသင်းကနေ ထွက်ခွာခွင့်ပေးဖို့ အတွက် စာချုပ်ဖျက်သိမ်းပေးဖို့ ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။ အဲရစ်ဆင်ဟာ ၂၀၂၀ ဇန်န ဝါရီကမှ ၄ နှစ်ခွဲ စာချုပ်နဲ့ စပါးအသင်းကနေ အင်တာမီလန်အသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ဒိန်းမတ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက အင်တာမီလန် အသင်း စီးရီးအေဖလားရယူရာမှာ ခြေစွမ်းပြသနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အဲရစ်ဆင်အနေနဲ့ အင်တာမီလန်အသင်းအတွက် ပြိုင်ပွဲစုံ (၆၀)ပါဝင်ကစားထားပြီး (၈)ဂိုးသွင်းယူထားတာပါ။ အဲရစ်ဆင်ရဲ့ အေဂျတ်စ် အသင်းဖော်ဟောင်း ဘလိုင်းကလည်း ICD စက်တပ်ဆင်ထားပြီး အေဂျတ်စ်အသင်းနဲ့ နယ်သာလန် လက်ရွေးစင်အသင်းမှာ ခြေစွမ်းပြသနေတာလည်းဖြစ်ပါတယ်။ အဲဒါကြောင့် အဲရစ်ဆင်ဟာ ဒီလို စက်တပ်ဆင်ထားတဲ့ လိဂ်တွေကို သွားရောက်ဖို့ ရွေးချယ်ရတော့မှာဖြစ်ပြီး အသင်းဟောင်း အေဂျတ်စ် အသင်း ထံ ပြန်သွားနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။

Source: BBC