၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၆

ဒေါ့မွန် အသင်းတိုက်စစ်မှူး ဟာလန်းဟာ ဂရုသာဖတ်အသင်းကို အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ မန်ချက်စတာ ယူနိုက် တက် တိုက်စစ်ကစားသမား ရော်နယ်ဒိုလိုပဲ ကမ္ဘာ့မြေထုရဲ့ ဆွဲငင်အားကို ဆန့်ကျင်ပြီး ခေါင်းတိုက် ဂိုးသွင်းယူပြသွားခဲ့ ပါ တယ်။

ဒီပွဲမှာ ဒေါ့မွန်အသင်းဟာ ဂရုသာဖတ်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ဟာလန်းက ၂ ဂိုးနဲ့ မာလန်းက ၁ ဂိုး သွင်းယူခဲ့တာပါ။ နော်ဝေ တိုက်စစ်မှူးဟာ ဒီပွဲစဉ်ရဲ့ ပွဲချိန် ၃၃ မိနစ်မှာ ပင်နယ်တီကနေ ဒေါ့မွန်အတွက် ဦးဆောင်ဂိုး စတင် သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ပွဲချိန် ၈၂ မိနစ်မှာ ဒုတိယဂိုးကို သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဟာလန်းဟာ ဂျုလီယန်ဘရန့်ဒ်ရဲ့ ပြစ်ဒဏ်ဘော ကန်ချက်ကို အလွန်လှပတဲ့ ခေါင်းတိုက်ချက်နဲ့ ဂိုးသွင်းယူခဲ့တာပါ။ ဂျုလီယန်ဘရန့်ဒ်ဟာ ဂိုးဧရိယာထဲမှာ ရှိနေတဲ့ ဟာလန်းရဲ့ ခေါင်းပေါ်ကို တင်ပေးလိုက်တာဖြစ်ပြီး ဒါကို နော်ဝေ ကစားသမား က ဂရုသာဖတ် နောက်ခံလူ မတ်ဇီမီလီယန်ကိုကျော်ကာ ခေါင်းတိုက်နိုင်ခဲ့တာပါ။

ဟာလန်းရဲ့ ခုန်ပြီး ခေါင်းတိုက်မှုဟာ ဂရုသာဖတ် ကစားသမားတွေထက် သိသိသာသာ မြင့်မားခဲ့တာဖြစ်ပြီး ဂိုးတိုင်ရဲ့ ညာဘက်အောက်ထဲကို ဂိုးဝင်သွားခဲ့တာ ဖြစ်ပါတယ်။

ပုံ-ရော်နယ်ဒို ခေါင်းတိုက်သွင်းနေစဉ်။(NDTV Sports)

ရော်နယ်ဒိုဟာ သူ့ရဲ့ ကစားသမားဘဝမှာ ဒီလိုမျိုးဂိုးတွေကို မကြာခဏ သွင်းယူတက်ပြီး ဂျုဗင်တပ်စ်မှာ ကစားခဲ့တုန်းက ဆမ်ဒိုးရီးယားနဲ့ပွဲမှာ သွင်းယူခဲ့တဲ့ ဂိုးဟာ နာမည်ကျော်ခဲ့တာပါ။ ဟာလန်းရဲ့ ဂိုးသွင်းယူမှုနဲ့ ပတ်သက်ပြီး တွစ်တာအသုံးပြု သူတွေက မှတ်ချက်တွေ အမျိုးမျိုးပေးခဲ့ ကြပါတယ်။

ပထမတစ်ဦးက “ နော်ဝေ လူသန်ကြီးလို့”ရေးသားခဲ့ပါတယ်။ နောက်ထပ်တစ်ဦးက “မန်ချက်စတာယူနိုက်တက် အနေနဲ့ ဒေါ့မွန်အသင်းကို ချက်လတ်မှတ် အလွတ်ပေးလိုက်ပြီး သူတို့လိုချင်တာကို ပေးလိုက်ပါ”လို့ ရေးခဲ့တာပါ။ နောက်ထပ် သူတွေ ကတော့ “ ဟာလန်းအနေနဲ့ လေထဲမှာ ဂိုးတွေအများကြီး သွင်းယူခဲ့မယ်ဆိုရင် ဘတ်ပီနဲ့ ဝေးရာကို ရောက်သွားနိုင်ပါတယ်” ဆက်လက်ပြီး နောက်ထပ် ပရိသတ်တစ်ဉီးကတော့ “ဟာလန်းဟာ ဂိုးပေါင်း ၁၀၀၀ လောက် သွင်းယူနိုင်မယ်”လို့ အမျိုးမျိုး ရေးသားခဲ့ကြတာ ဖြစ်ပါတယ်။

ဂိုးသွင်းစွမ်းရည်တွေကြောင့် ဥရောပအသင်းကြီးတွေရဲ့ ပစ်မှတ်အဖြစ် ရှိနေတဲ့ ဟာလန်းဟာ လာမယ့်နွေရာသီ အပြောင်း အရွှေ့မှာ ဒေါ့မွန် အသင်းကနေ ထွက်ခွာဖွယ် ရှိနေတာပါ။

ဟာလန်းနဲ့ ဒေါ့မွန်တို့ ချုပ်ဆိုထားတဲ့ စာချုပ်အရ လာမယ့်နွေရာသီမှာ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၆၈ သန်းဟာ အသက်ဝင် လာတော့မှာလည်း ဖြစ်ပါတယ်။ ၂၀၁၉-၂၀ ရာသီက ဆဲလ်ဘတ် အသင်းကနေ ရောက်ရှိလာတဲ့ ဟာလန်းဟာ ဒေါ့မွန် အသင်း အတွက် ပြိုင်ပွဲစုံ ၇၄ ပွဲ ကစားထားပြီး ၇၆ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။

ဒေါ့မွန်အသင်းဟာ ဒီနိုင်ပွဲကြောင့် ဘွန်ဒစ်လီဂါ အမှတ်ပေးဇယား ထိပ်ဆုံးနေရာက ဦးဆောင်နေတဲ့ ဘိုင်ယန်မြူးနစ် အသင်းနဲ့ ၆ မှတ်အကွာ ဒုတိယနေရာကနေ ဆက်လက် ဖိအားပေးနေတာလည်း ဖြစ်ပါတယ်။