CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၆
ဘိုင်ယန်မြူးနစ်အသင်းဟာ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်မှာ အော်ကလန်စီးတီးအသင်းကို ၁၀ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရပြီး ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက် အကြီးမားဆုံး ဂိုးပြတ်နိုင်ပွဲအဖြစ် စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီပွဲမှာ အော်ကလန်စီးတီးအသင်းကို တစ်ပွဲလုံးအသာစီးနဲ့ ကစားပြီး ဂိုးပေါက် ကန်သွင်းမှု အများအပြား ပြုလုပ်နိုင်ခဲ့ကာ အော်ကလန်စီးတီးအသင်း ဂိုးသမားသာ ကာကွယ်မှုအချို့ မပြုလုပ်နိုင် ရင် ဒီထက်ပြတ်သားတဲ့ ဂိုးရလဒ် ထွက်ပေါ်မှာပါ။
ဘိုင်ယန်မြူးနစ်အသင်းရဲ့ သွင်းဂိုးရလဒ်ဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို စတင်ကျင်းခဲ့တဲ့ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှာ အကြီးမားဆုံး ဂိုးပြတ်နိုင်ပွဲဖြစ်ခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းရဲ့ ၁၀ ဂိုးပြတ် အနိုင်ရရှိမှု မတိုင်မီ အကြီးမားဆုံး ဂိုးပြတ်နိုင်ပွဲက ၂၀၂၂ ခုနှစ်မှာ အယ်လ်ဟီလယ်အသင်းက အယ်လ်ဂျာဇီးယားအသင်းကို ၆ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။

ဘိုင်ယန်မြူးနစ်အသင်း ယှဉ်ပြိုင်နေစဉ်
အော်ကလန်စီးတီးအသင်းရဲ့ ကစားသမား အများစုဟာ ပရော်ဖက်ရှင်နယ် ဘောလုံးသမား အစစ်တွေ မဟုတ်ကြ ဘဲ အလုပ်တွေလုပ်ပြီး အချိန်ပိုင်း ကစားနေကြတာဖြစ်ပါတယ်။
အော်ကလန်စီးတီးအသင်းရဲ့ ကစားသမားအချို့ဟာ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ကစားဖို့အတွက် သူတို့ရဲ့ အလုပ်တွေကနေ ခွင့်ယူပြီး လာရောက် ကစားနေကြတာပါ။
အော်ကလန်စီးတီးအသင်းနည်းပြ အိုင်ဗန်က ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုအတွက် ဂုဏ်ယူမိပြီး ဒီလို ပတ်ဝန်းကျင်မှာ ကစားဖို့ အပျော်တမ်းအဆင့်ကနေ လာရတဲ့ အိပ်မက်တစ်ခုပါပဲလို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ကွန်ပနီက လာမယ့် ဘိုကာဂျူနီယာအသင်းနဲ့ ပွဲစဉ်က ဒီအုပ်စုအဆင့်ကို မီးမောင်း ထိုးပြမယ့် ပွဲဖြစ်ပြီး အထူးပွဲဖြစ်လာမယ်လို့ ပြောခဲ့တာပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ လာမယ့်ပွဲစဉ်အဖြစ် ဘိုကာဂျူနီယာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အော်ကလန်စီးတီး အသင်းက ဘင်ဖီကာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: metro
 
	    	  	
	    	       
	    
	  	   
			 
		 
			 
			 
                        
