၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၂
လက်ရွေးစင်ကစားသမားဟောင်း အီတူးဟာ ကင်မရွန်းဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံလိုက်ရပြီး နောက် နိုင်ငံအသင်းမှာလေးနှစ်ကြာ တာဝန်ထမ်းဆောင်တော့မှာဖြစ်ပါတယ်။
အာဖရိကရဲ့ တစ်နှစ်တာ အကောင်းဆုံးဘောလုံးသမားဆုကို လေးကြိမ်ရရှိထားတဲ့ အီတူးဟာ အာဖရိက ဘောလုံး အဖွဲ့ချုပ်ရဲ့ ဒုဥက္ကဋ္ဌဖြစ်သူ အန်ဘွမ်ဘို အန်ဂျိုယာ ကို အနိုင်ယူပြီး ကင်မရွန်းဘောလုံးအဖွဲ့ချုပ်ရဲ့ဥက္ကဋ္ဌ ဖြစ်လာခဲ့ တာပါ။ အစောပိုင်းက ဥက္ကဋ္ဌရွေးကောက်ပွဲအတွက် ယှဉ်ပြိုင်ဖို့(၇)ဦးအထိ ရှိခဲ့ပေမယ့် ရွေးကောက်ပွဲကျင်းပမယ့် မနက်မှာ(၅)ဦးက နုတ်ထွက်သွားခဲ့တဲ့အတွက် နှစ်ဦးတည်းသာ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပါတယ်။
အသက်(၄၀)အရွယ်ရှိ အီတူးကတော့ အားကစားတိုးတက်အောင်မြင်ဖို့အတွက် ပြုပြင်ပြောင်းလဲမှု အများအပြား ပြုလုပ်မယ်လို့ ကတိပေးခဲ့တာပါ။ ဘာစီလိုနာ၊ အင်တာမီလန်နဲ့ ချယ်လ်ဆီးကစားသမားဟောင်းဟာ သူ တာဝန် ထမ်းဆောင်နေတဲ့ ကာလအတွင်း နိုင်ငံတွင်းမှာ အားကစားကွင်း (၁၀) ကွင်း အနည်းဆုံးတည်ဆောက် ပေးသွား မယ်လို့လည်း ပြောခဲ့ပါတယ်။ အီတူးက “စီးပွားရေးအသိုင်းအဝိုင်းနဲ့လည်း စကားပြောပြီးပါပြီ။ ကျနော်တို့ရဲ့ ရည်မှန်းချက်တွေကို ဖြည့်ဆည်းရာမှာ မှန်ကန်တဲ့ရင်းနှီးမြှုပ်နှံသူတွေနဲ့ လိုက်လျောညီထွေဖြစ်စေမယ့် ရင်းနှီး မြှုပ်နှံသူတွေရရှိမယ်လို့ ယုံကြည်ကြောင်း” ရွေးကောက်ပွဲ မတိုင်ခင်က ပြောခဲ့တာပါ။
အီတူးဟာ ဇန်နဝါရီနဲ့ဖေဖော်ဝါရီမှာ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပမယ့် ကင်မရွန်း နိုင်ငံရဲ့ အကြီးအကဲအဖြစ်လည်းဆောင်ရွက်မှာပါ။ အာဖရိကရဲ့အ ကောင်းဆုံးဘောလုံးပို့ကုန်လို့ ယူဆရတဲ့ အီတူးဟာ ကင်မရွန်းလက်ရွေးစင်အသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားလည်းဖြစ်ပါတယ်။ အသက်(၁၆) နှစ်အရွယ် ၁၉၉၆ ခုနှစ်မှာ ရီးရယ်လ်ကို ရောက်ရှိခဲ့တဲ့ အီတူးဟာ လီဂါနတ်စ်၊ အက်စပန်ညိုနဲ့ မာယေ့ာကာ အသင်းတွေမှာ အငှားကစားခဲ့ပြီး ၂၀၀၀ ခုနှစ်မှာ မာယော့ကာအသင်းထံ အပြီးသတ်ပြောင်းရွှေ့သွားခဲ့တာပါ။
အဲဒီနောက်မှာတော့ ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ခဲ့တဲ့ အီတူးဟာ အသင်းကို လာလီဂါဖလား (၃)ကြိမ်၊ ချန်ပီယံလိဂ်ဖလား (၂)ကြိမ် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ကင်မရွန်းကစားသမားဟာ ဘာစီလိုနာအသင်းကနေ အင်တာမီလန်အသင်းထံပြောင်းပြီး ချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့ကာ စီးရီးအေဖလားနဲ့ ကလပ်ကမ္ဘာ့ဖလားလည်း ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။
အီတူးဟာ ကင်မရွန်းအသင်းကို အာဖရိကဖလားနှစ်ကြိမ်ဆက်ရရှိအောင် ကူညီပေးနိုင်ခဲ့ပြီး ဒီပြိုင်ပွဲမှာ(၁၈)ဂိုး သွင်းယူကာ စံချိန်တင်ဂိုးသွင်းရှင်အဖြစ်လည်း ရပ်တည်နေတာပါ။ ၎င်းအနေနဲ့ လက်ရွေးစင်အသင်းကို ၂၀၀၀ ခုနှစ်က ကျင်းပခဲ့တဲ့ အိုလံပစ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ ဂိုးသွင်းပြီး ရွှေတံဆိပ်ဆုရအောင်လည်း စွမ်းဆောင်ပေးနိုင် ခဲ့တာဖြစ်ပါတယ်။
Source: BBC