၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၈
ပီအက်စ်ဂျီ အသင်းတိုက်စစ်ကစားသမား မက်ဆီဟာ ကလပ်ဘရုဂျ်နဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဂိုးသွင်းယူပြီးနောက် ဘရာဇီးလ်ဂန္တဝင် ကစားသမားကြီး ပီလီရဲ့ ဂိုးသွင်းအများဆုံးစံချိန်ကို ကျော်ဖြတ်သွားခဲ့ပြီ ဖြစ်ပါတယ်။
ပီအက်စ်ဂျီ အသင်းဟာ ကလပ်ဘရုဂျ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ၄ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး မက်ဆီနဲ့ ဘတ်ပီ တို့က ၂ ဂိုးစီ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ မက်ဆီဟာ ဒီပွဲမှာ ၂ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ကစားသမားဘဝ သွင်းဂိုး ၇၅၈ ဂိုး ရှိသွားခဲ့တာပါ။
ပီလီဟာ ကစားသမားဘဝမှာ သွင်းဂိုး ၇၅၇ ဂိုး သွင်းယူထားတာကြောင့် မက်ဆီက (၁)ဂိုးအသာနဲ့ ကျော်ဖြတ်ပြီး ပရော်ဖက်ရှင်နယ် ဘောလုံးလောကရဲ့ ဒုတိယမြောက် ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်လာခဲ့တာဖြစ်ပါတယ်။
မက်ဆီဟာ ဒီ ၇၅၈ ဂိုးကို ကလပ်ကစားသမားဘဝမှာ ၆၇၈ ဂိုးသွင်းယူ ထားတာဖြစ်ပြီး လက်ရွေးစင် ကစားသမား ဘဝမှာ တော့ ဂိုး ၈၀ သွင်းယူထားတာပါ။ ဘောလုံးလောကရဲ့ ဂိုးသွင်းအများဆုံး ကစားသမားကတော့ မန်ချက်စတာယူနိုက်တက် အသင်းတိုက်စစ်ကစားသမား ရော်နယ်ဒို ဖြစ်ပြီး ၈၀၁ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
အခုနှစ်အတွင်းမှာ မက်ဆီဟာ ပီလီရဲ့ ဒီစံချိန် အပါအဝင် နောက်ထပ်စံချိန်(၂)ခုကိုလည်း ကျော်ဖြတ်နိုင်တယ်လို့ အချက် အလက်တွေအရ သိရပါတယ်။ မက်ဆီဟာ ပီလီရဲ့ စံချိန်တွေဖြစ်တဲ့ ကလပ်တစ်သင်းတည်းအတွက် ဂိုးသွင်းအများဆုံး ကစားသမားနဲ့ တောင်အမေရိကတိုက်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဆိုတဲ့ စံချိန်မှတ်တမ်းတွေကိုလည်း ကျော်ဖြတ်နိုင် ခဲ့တာပါ။
လက်ရှိမှာတော့ မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီ အသင်းအတွက် ခြေစွမ်းမပြနိုင်ပဲ ရုန်းကန်နေရလို့ ဝေဖန်မှုတွေ အများအပြား ခံနေရတာ ဖြစ်ပေမယ့် ဒီပွဲမှာတော့ ခြေစွမ်းပြပြီး ဂိုးတွေရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
မက်ဆီအနေနဲ့ ဒီရာသီမှာ ပီအက်စ်ဂျီ အသင်းအတွက် ၆ ဂိုး သွင်းယူထားတာပါ။ အာဂျင်တီးနား ကစားသမားဟာ ၅ ဂိုးကို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သွင်းယူထားတာဖြစ်ပြီး လီဂူးဝမ်းပြိုင်ပွဲမှာတော့ ၁ ဂိုးသွင်းယူထားတာဖြစ်ပါတယ်။ မက်ဆီဟာ အခု နှစ်ထဲမှာ အာဂျင်တီးနား လက်ရွေးစင်အသင်းနဲ့ ပထမဆုံး ဆုဖလားအဖြစ် ကိုပါအမေရိကဖလားကို ရယူနိုင်ခဲ့တာဖြစ်ပြီး ဘောလွန်းဒီအောဆုကိုလည်း စံချိန်တင် ၇ ကြိမ်မြောက် ရယူထားတာပါ။
ပီအက်စ်ဂျီ အသင်းဟာ ကလပ်ဘရုဂျ်နဲ့ပွဲမှာ အနိုင်ရခဲ့ပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာ ဒုတိယနေရသာ ရပ်တည်နိုင်ခဲ့ပြီး ၁၆ သင်းအဆင့်မှာ အသင်းကြီးတွေနဲ့ တွေ့ဆုံရဖွယ်ရှိနေတာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီ အသင်းဟာ ဒီတပတ်မှာတော့ လီဂူးဝမ်းပွဲစဉ်အဖြစ် မိုနာကိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Times Now News.com