CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၃
ဘရိုက်တန်အသင်းကို အရေးနိမ့်ခဲ့တဲ့ FA ဖလား ပဉ္စမအဆင့်ပွဲစဉ်မှာ တိုက်ရိုက် အနီကတ်ပြသခြင်း ခံခဲ့ရတဲ့ ဂေါ်ဒွန်ရဲ့ အနီကတ် ပြစ်ဒဏ်အတွက် နယူးကာဆယ်အသင်း အယူခံဝင်ဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။
ဂေါ်ဒွန်ဟာ ဒီပွဲစဉ်ရဲ့ ပုံမှန်ပွဲ ကစားချိန်ပြီးခါနီးမှာ ဘရိုက်တန်အသင်း နောက်ခံလူ ဗန်ဟီကီကို ဘရိုက်တန် ဂိုးဧရိယာထဲ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် တိုက်ရိုက် အနီကတ် ပြသခြင်းခံခဲ့ရတာပါ။
နယူးကာဆယ်အသင်းဟာ ဒီပွဲစဉ်မှာ ဘရိုက်တန်အသင်းကို အချိန်ပိုမှာ ၂ ဂိုး-၁ ဂိုးနဲ့အရေးနိမ့်ပြီး FA ဖလား ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။ ဂေါ်ဒွန်ဟာ တိုက်ရိုက်အနီကတ်ကြောင့် ၃ ပွဲပယ် ပြစ်ဒဏ်ကျခံရမှာပါ။
အင်္ဂလန်ကြယ်ပွင့် ကစားသမားဟာ ၃ ပွဲပယ်ကြောင့် လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ကာရာဘောင်းဖလား ဗိုလ်လုပွဲမှာ နယူးကာဆယ်အသင်းအတွက် ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။
နယူးကာဆယ်အသင်း ယှဉ်ပြိုင်နေစဉ်
နယူးကာဆယ်အသင်းနည်းပြ အက်ဒီဟိုဝီက ဂေါ်ဒွန်ဟာ ဆိုးရွားတဲ့ ရည်ရွယ်ချက် မရှိတာကြောင့် အနီကတ် ပြစ်ဒဏ်ကို ပယ်ဖျက်အောင် လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်နေပါတယ်။
အက်ဒီဟိုဝီက “ကျနော်တို့ဟာ အဖြစ်အပျက်ကို ပြန်သုံးသပ်သွားမှာဖြစ်ပြီး အယူခံဝင်ဖို့အတွက် အကြောင်း ပြချက်တွေ ရှိတယ်လို့ခံစားရရင် ချက်ချင်း လုပ်ဆောင်သွားမှာပါ။ ဒါပေမယ့် ဂေါ်ဒွန်ဟာ ဆိုးရွားတဲ့ ရည်ရွယ်ချက် မရှိဘူးဆိုတာ ကျနော်သိပါတယ်”လို့ ပြောခဲ့တာပါ။
ဂေါ်ဒွန်ဟာ ဒီရာသီမှာ နယူးကာဆယ်အသင်းအတွက် ခြေစွမ်းပြသနေတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ပြိုင်ပွဲစုံ ၃၄ ပွဲ ပါဝင်ကစားထားတာမှာ ၉ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်ထားတာဖြစ်ပါတယ်။
Source: Goal