CNI Sport News

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၇

အီရန်လက်ရွေးစင် အမျိုးသမီးအသင်းရဲ့ဂိုးသမားဟာ ယောကျ်ားလား၊ မိန်းမလားဆိုတာကို စစ်ဆေးပေးဖို့ အာရှ ဘောလုံးအဖွဲ့ချုပ်ကို ဂျော်ဒန် က တောင်းဆိုလိုက်ပါတယ်။

အီရန်အမျိုးသမီးအသင်းရဲ့ဂိုးသမားပုံစံဟာ ယောကျ်ားပုံစံဖြစ်နေတာကြောင့် ဂျော်ဒန်အသင်း အာရှဘောလုံး အဖွဲ့ချုပ်(AFC) ကို စစ်ဆေးပေးဖို့ တောင်းဆိုခဲ့တာပါ။ ဂျော်ဒန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်တဲ့ မင်းသား အလီဘင် အယ်လ်ဟူစိန်က အီရန်ဂိုးသမားရဲ့လိင်ပိုင်းဆိုင်ရာကို စစ်ဆေးပေးဖို့ တောင်းဆိုခဲ့တဲ့စာကို တွစ်တာမှာ ဖော်ပြ ခဲ့တာဖြစ်ပြီး အီရန်ဂိုးသမားဟာ အမျိုးသမီးအယောင်ဆောင်ထားတဲ့ အမျိုးသားဖြစ်တယ်လို့လည်း မှတ်ချက်ပြု ထားတာဖြစ်ပါတယ်။ ဒါ့အပြင် ဟူစိန်က” ဒါဟာ မှန်ကန်မယ်ဆိုရင် အလွန်ပြင်းထန်တဲ့ ပြဿနာဖြစ်မှာဖြစ်ပြီး AFC အနေနဲ့ကျေးဇူးပြုပြီး နိုးထပေးပါ”လို့ တောင်းဆိုခဲ့တာပါ။

အီရန်အသင်းရဲ့နည်းပြချုပ်ကတော့ ဒီ စွပ်စွဲချက်တွေကို ငြင်းဆန်ပယ်ချခဲ့ပါတယ်။ နည်းပြ မာရန်အီရန်ဒို့စ်က “ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက ဒီလိုကိစ္စတွေမှာ ပြဿနာမဖြစ်ပွားအောင် အသင်းမှာရှိတဲ့ ကစားသမား တစ် ဉီးချင်းစီရဲ့ဟော်မုန်းတွေကို သေချာစစ်ဆေးခဲ့ပါတယ်။ဒါကြောင့် ပရိသတ်တွေအားလုံးကို စိတ်မပူဖို့ ပြောချင် ပါတယ်။ အာရှဘောလုံးအဖွဲ့ချုပ်အနေနဲ့ အချိန်ဖြုန်းမနေဘဲ သူတို့လိုချင်တဲ့ စာရွက်စာတမ်းတွေကို ပေးသွားမယ်” လို့လည်း ပြောခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဂျော်ဒန်အနေနဲ့ သူတို့ရဲ့ အရှုံးကို ဖုံးကွယ်ချင်တာကြောင့် အခုလိုမျိုးစွပ်စွဲနေတာလို့လည်း နည်းပြက ပြန်လည်တုံ့ပြန် ပြောသွားခဲ့ပါသေးတယ်။ အာရှဘောလုံးအဖွဲ့ချုပ်ကတော့ ဒီ အဖြစ်အပျက်နဲ့ပတ်သက်ပြီး ဘာမှ မှတ်ချက်မပေးသေးပါဘူး။

အီရန်အသင်းဟာ စက်တင်ဘာ ၂၅ ရက်က ဂျော်ဒန်အသင်းနဲ့ကစားခဲ့ရာမှာ ပွဲချိန်အတွင်း ဂိုးမရှိသရေကျခဲ့ တာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာ အီရန်အသင်းက  ၄ ဂိုး - ၂ ဂိုးနဲ့ အနိုင်ရပြီး ၂၀၂၂ အာရှဖလား အမျိုးသမီးပြိုင်ပွဲကို ပထမဆုံးအကြိမ် ခြေစစ်ပွဲအောင်မြင်သွားခဲ့တာလည်းဖြစ်ပါတယ်။ ဒီ ပင်နယ်တီ အဆုံး အဖြတ်မှာ အီရန်ဂိုးသမားက ပင်နယ်တီ ၂ လုံးကို ကာကွယ်နိုင်ခဲ့ပါတယ်။

အမျိုးသမီးအာရှဖလားပြိုင်ပွဲကိုတော့ အိန္ဒိယနိုင်ငံမှာ ဇန်နဝါရီလတွင် ကျင်းပသွားမှာ ဖြစ်ပါတယ်။

Source-thedailystar.net