၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၇

ဒါဘီကောင်တီအသင်းဟာ ရမှတ် ၂၁ မှတ်လျှော့ချခံရတဲ့ ပြစ်ဒဏ်ကြောင့် ချန်ပီယံရှစ်ကနေ တန်းဆင်းရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ Sky Sports က ဖော်ပြပါတယ်။ ဒါဘီကောင်တီအသင်းရဲ့ပိုင်ရှင်ဟောင်း မယ်လ်မိုရစ်လက်အောက်မှာ ဘဏ္ဍာရေးချိုးဖောက်မှုတွေအတွက် ကလပ်အသင်း အုပ်ချုပ်ရေးအဖွဲ့က နောက် ထပ် ၉ မှတ် အမှတ်လျှော့ပြစ်ဒဏ်ကို လက်ခံခဲ့ရပြီး နောက်ထပ် ၃ မှတ် အမှတ်လျော့တာကိုတော့ ဆိုင်းငံ့အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ ဒါဘီကောင်တီအသင်းဟာ အရင်ကလည်း ဘဏ္ဍာရေး ပြသနာတွေကြောင့် အစိုးရရဲ့ စီမံခန့်ခွဲမှုထဲကို ဝင်ခဲ့ရပါတယ်။

ဒါကြောင့် ၁၂ မှတ်လျော့ ပြစ်ဒဏ်ချမှတ်ခံထားရပြီးဖြစ်ပါတယ်။ အခုနောက်ထပ်ချမှတ်ခံရတဲ့ ပြစ်ဒဏ်ကြောင့် ၀ိန်းရွန်နီရဲ့ဒါဘီကောင်တီအသင်းဟာ ရမှတ် ၂၁ မှတ်အထိ လျှော့ချခံခဲ့ရပြီး ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ အမှတ်ပေးဇယား အောက်ဆုံးမှာ ရမှတ် ( -၃ ) မှတ်နဲ့ ရပ်တည်နေတာဖြစ်ပါတယ်။ ဒါဘီကောင်တီအသင်းအနေနဲ့ ဒီလို အမှတ်လျှော့ ပြစ်ဒဏ်တွေကြောင့် တန်းဆင်းဇုန်ကနေ လွတ်မြောက်ဖို့အတွက် မနည်းရုန်းကန်ရဖွယ် ရှိနေတာပါ။ ချန်ပီယံရှစ် ပြိုင်ပွဲရဲ့တန်းဆင်းဇုန်အထက် အဆင့် ၂၁ နေရာမှာ ရပ်တည်နေတဲ့ ပီတာဘရော့အသင်းဟာ ရမှတ် ၁၅ မှတ် ရထားတဲ့အတွက် ဒါဘီအသင်းအနေနဲ့ တန်းဆင်းဇုန်အထက်ကအသင်းနဲ့ ၁၈ မှတ် ကွာဟနေခဲ့တာလည်း ဖြစ်ပါတယ်။

အဲ့ဒါကြောင့် ဒါဘီကောင်တီအသင်းအနေနဲ့ တန်းဆင်းဇုန်ကနေ လွတ်မြောက်နိုင်ဖို့ ရုန်းကန်ရတော့မှာပါ။ ဒါဘီကောင်တီအသင်းဟာ ပြီးခဲ့တဲ့ရာသီကလည်း တန်းဆင်းဇုန်ကနေ လွတ်မြောက်ဖို့ ရာသီကုန် နောက်ဆုံး ပွဲစဉ်အထိ ရုန်းကန်ခဲ့ရပြီး သရေကျခဲ့လို့သာ ချန်ပီယံရှစ်မှာ ဆက်လက်ကျန်ရစ်ခဲ့တာပါ။ ဒါဘီကောင်တီအသင်း အနေနဲ့  ဒီလိုအမှတ်လျှော့မခံရဘူးဆိုရင် ၁၇ ပွဲကစားအပြီးမှာ ရမှတ် ၁၈ မှတ်နဲ့ တန်းဆင်းဇုန်ပြင်ပနေရာကို ရောက်ရှိသွားမှာလည်းဖြစ်ပါတယ်။

သတင်းတွေအရတော့ ဒါဘီကောင်တီအသင်းဟာ ဒီလို အမှတ်လျှော့ပြစ်ဒဏ်တွေနဲ့ပတ်သက်ပြီး အယူခံဝင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ဒါ့အပြင် ဒါဘီကောင်တီအသင်းအနေနဲ့ ပိုင်ရှင်အသစ်ကိုလည်း ရှာဖွေနေပြီး နယူးကာဆယ်အသင်း ပိုင်ရှင်ဟောင်း မိုက်အက်ရှ်လေက ဝယ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။ ဒါဘီ ကောင်တီအသင်းအနေနဲ့ ဒီလိုအမှတ်လျော့ပြစ်ဒဏ်ကြောင့် တန်းဆင်းရမယ့်အခြေအနေကို ဝိန်းရွန်နီအနေနဲ့ ဘယ်လောက်အတိုင်းအတာအထိ ဆွဲတင်ပေးနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။

Source-skysports.com