CNI Sport News 

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၈

အင်္ဂလန်အသင်း နည်းပြရာထူးအတွက် ထင်ကြေးတွေ ထွက်ပေါ်နေပေမယ့် ပိုစတီကိုဂလူးက စပါးနည်းပြ အလုပ်ကို အာရုံစိုက်ထားတယ်လို့ ပြောခဲ့ပါတယ်။

ပိုစတီကိုဂလူးက “ကျနော်ဟာ စပါးအသင်း နည်းပြဖြစ်တဲ့အတွက် ဒီအသင်းကို အောင်မြင်မှုတွေ ယူဆောင်ပေး နိုင်ဖို့ ကြိုးစားနေပြီး တခြားဘာကိုမှ မစဉ်းစားပါဘူး။ ကျနော်ဟာ နေ့လည်ခင်းမှာ ခဏအိပ်ပျော်သွားတာကြောင့် ထင်ကြေးတွေ ထွက်ပေါ်ခဲ့တာကို ကျနော် မသိပါဘူး။ စပါးအသင်းကိုပဲ အာရုံစိုက်ထားပါတယ်”လို့ ပြောခဲ့တာပါ။

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ဟာ စပိန်အသင်းကို အရေးနိမ့်ခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲ ဗိုလ်လုပွဲအပြီး ၂ ရက် အကြာမှာ နည်းပြရာထူးက နုတ်ထွက်ခဲ့တာကြောင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ဟာ နည်းပြသစ် ရှာဖွေမှုတွေ ကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ 

အင်္ဂလန်အသင်း နည်းပြသစ် ရာထူးအတွက် အင်္ဂလန် ယူ-၂၁ အသင်းနည်းပြ လီကာစလေ၊ နယူးကာဆယ်အသင်း နည်းပြ အက်ဒီဟောင်း၊ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာ၊ လီဗာပူးလ်အသင်း နည်းပြဟောင်း ကလော့ပ်၊ ချယ်လ်ဆီးအသင်း နည်းပြဟောင်းတွေဖြစ်တဲ့ ပိုချက်တီနို၊ တူချယ်လ်၊ ဂရေဟမ်ပေါ်တာတို့နဲ့အတူ ချိတ်ဆက်ခံ နေရတဲ့ သူတွေထဲမှာ ပိုစတီကိုဂလူးလည်း ပါဝင်နေတာပါ။

အင်္ဂလန်အသင်း နည်းပြရာထူး ယာထားခံရသူများကိုတွေ့ရစဉ်

အင်္ဂလန်အသင်းဟာ နည်းပြသစ် ရှာဖွေမှု လုပ်ဆောင်နေချိန်အတွင်း ယာယီနည်းပြခန့်အပ်ကာ လာမယ့် နေးရှင်းလိဂ်ပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားသွားဖို့ ရှိနေပါတယ်။

ပိုစတီကိုဂလူးဟာ ပြီးခဲ့တဲ့ရာသီက စပါးအသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၅ နေရာ ရပ်တည်ပြီး ရာသီသစ်မှာ ယူရိုပါလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့တာပါ။ 

ပိုစတီကိုဂလူးဟာ ၂၀၁၃ ကနေ ၂၀၁၇ ခုနှစ်အထိ သြစတြေးလျ လက်ရွေးစင်အသင်းကို ကိုင်တွယ်ခဲ့ဖူးပြီး ၂၀၁၅ ခုနှစ်က အာရှဖလား ချန်ပီယံဆုကို ရယူပေးနိုင်ခဲ့ပါတယ်။ 

ပိုစတီကိုဂလူးက သူဟာ နိုင်ငံအသင်းကို ကိုင်တွယ်ရတာ နှစ်သက်ပြီး အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာ မသိဘူး လို့လည်း ပြောခဲ့ပါတယ်။

ရာသီသစ်မတိုင်ခင် ခြေစမ်းပွဲတွေ ယှဉ်ပြိုင်နေတဲ့ ပိုစတီကိုဂလူးရဲ့ စပါးအသင်းဟာ စကော့တလန်ကလပ် ဟာ့တ်စ်အသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ၅ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့တာပါ။ 

စပါးအသင်းဟာ ဇူလိုင် ၂၀ ရက်မှာ နောက်ထပ် ခြေစမ်းပွဲအဖြစ် ကျူပီအာအသင်းနဲ့ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ 

Source: Dailymail