CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၈

ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုဟာ ဘာစီလိုနာအသင်းကြယ်ပွင့် အန်ဆုဖာတီကို ဖီနာဘာချီအသင်းအတွက် ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

မော်ရင်ဟိုဟာ ဖီနာဘာချီအသင်း နည်းပြသစ်အဖြစ် ခန့်အပ်ခံရပြီးနောက် သူ့ရဲ့ကိုယ်ပိုင် လူစာရင်းကို တည်ဆောက်ဖို့ ကြိုးစားနေပြီး နွေရာသီ အပြောင်းအရွှေ့မှာ အန်ဆုဖာတီကို ခေါ်ယူချင်နေတာပါ။ 

အန်ဆုဖာတီဟာ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာအသင်းကနေ ဘရိုက်တန်အသင်းထံ အငှားနဲ့ ကစားခဲ့ပေမယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၃ ပွဲသာ ပွဲထွက်လူစာရင်း ပါဝင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ အန်ဆုဖာတီကို ရောင်းချချင်ပေမယ့် စာချုပ်က ၂၀၂၇ ခုနှစ်အထိ ရှိနေတဲ့အတွက် အငှားအပြောင်းအရွှေ့က ပိုပြီးဖြစ်နိုင်ဖွယ်ရှိတာပါ။ 

ဒါပေမယ့် ဖီနာဘာချီအသင်းအနေနဲ့ အန်ဆုဖာတီကို ခေါ်ယူဖို့အတွက် ငွေကြေး အသုံးပြုနိုင်မလားဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ 

 အန်ဆုဖာတီကိုတွေ့ရစဉ်

ဘာစီလိုနာအသင်းဟာ မက်ဆီ ထွက်ခွာသွားပြီးနောက် သူ့ရဲ့ကျောနံပတ် ၁၀ ကို အန်ဆုဖာတီကို ပေးဝတ်ခဲ့ပြီး အများကြီး မျှော်လင့်ခဲ့တာပါ။ 

ဒါပေမယ့် အန်ဆုဖာတီဟာ ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူခဲ့ရပြီးနောက် ပုံမှန်ခြေစွမ်းပါ ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းရဲ့ လူငယ်စီမံကိန်းက ထွက်ပေါ်လာခဲ့တဲ့ အန်ဆုဖာတီဟာ အသင်းကြီးအတွက် ၁၁၂ ပွဲ ပါဝင်ကစားထားပြီး ၂၉ ဂိုး သွင်းယူကာ လာလီဂါ၊ ကိုပါဒယ်ရေးနဲ့ စပိန်စူပါဖလားတို့ကို ၁ ကြိမ်စီရရှိထားတာပါ။ 

စပိန်အသင်းအတွက် ၁၀ ပွဲ ပါဝင်ကစားထားတဲ့ အန်ဆုဖာတီဟာ ၂၀၂၃ ခုနှစ်နောက်ပိုင်း လက်ရွေးစင်အသင်းနဲ့ ဝေးကွာနေတာ ဖြစ်ပါတယ်။ 

ဘာစီလိုနာအသင်းဟာ အန်ဆုဖာတီကို အနည်းဆုံး အမေရိကန် ရာသီကြို ခရီးစဉ်ပြီးဆုံးတဲ့ အချိန်အထိ ဆက်ပြီး ထားရှိဖို့ စီစဉ်နေတာပါ။ 

ဘာစီလိုနာအသင်းဟာ အမေရိကန်မှာ မန်စီးတီး၊ ရီးရယ်လ်၊ အေစီမီလန်အသင်းတို့နဲ့ ရာသီကြိုခြေစမ်းပွဲ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ 

Source: Goal