CNI Sport News
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၂
ဘရာဇီးလ် အသင်းဟာ ဒီနေ့ (နိုဝင်ဘာ ၁၂ ရက်) မနက်ပိုင်းက ကမ္ဘာ့ဖလားခြေစစ်ပွဲ တောင်အမေရိကဇုန် ပွဲစဉ်အဖြစ် ကိုလံဘီယာအသင်းနဲ့ ကစားခဲ့တာမှာ အနိုင်ရရှိခဲ့တဲ့အတွက် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်သွားခဲ့တဲ့ ပထမဆုံး တောင်အမေရိက အသင်းဖြစ်လာခဲ့ပါတယ်။
ဘရာဇီးလ် အသင်းဟာ ဒီပွဲမှာ ကိုလံဘီယာ အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဘရာဇီးလ် အတွက် ၁ လုံး တည်းသော သွင်းဂိုးကို ပွဲချိန် ၇၂ မိနစ်မှာ နေမာရဲ့ ဖန်တီးပေးမှုကနေ ပါကွေတာက သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ဘရာဇီးလ် အသင်းဟာ ဒီပွဲမှာ ကိုလံဘီယာအသင်းကို ဘောလုံးပိုင်ဆိုင်မှု ၆၃ ရာခိုင်နှုန်းအထိ အသာစီး ယူနိုင်ခဲ့တာဖြစ်ပြီး ဂိုးပေါက်ကန်သွင်းမှု ၁၆ ကြိမ်၊ ဂိုးပေါက်တည့်မှု ၆ ကြိမ်အထိ ရှိခဲ့ပေမယ့် ကိုလံဘီယာ အသင်းဂိုးသမားနဲ့ နောက်ခံလူတွေ အကောင်းဆုံး ကာကွယ်နိုင်ခဲ့လို့ ဂိုးမပြတ်ခဲ့တာဖြစ်ပါတယ်။
ကိုလံဘီယာ အသင်းကတော့ ဘောလုံးပိုင်ဆိုင်မှု ၃၇ ရာခိုင်နှုန်း ဂိုးပေါက်ကန်သွင်းမှု ၅ ကြိမ်နဲ့ ဂိုးပေါက်တည့်မှု ၁ ကြိမ်သာ ရှိခဲ့တာပါ။
ဘရာဇီးလ် အသင်းဟာ တောင်အမေရိကဇုန် ခြေစစ်ပွဲမှာ လက်ရှိအချိန်ထိ ရှုံးပွဲမရှိသေးပါဘူး၊ ၁၂ ပွဲ ကစားအပြီးမှာ ၁၁ ပွဲ နိုင် ၁ ပွဲ သရေကျထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် တိုက်စစ်ပိုင်းက သွင်းဂိုး ၂၇ ဂိုးရထားပြီး ပေးဂိုး ၄ ဂိုးသာ ခွင့်ပြုထားရပါတယ်။ နာမည်ကျော် ကစားသမားဖြစ်တဲ့ နေမာကတော့ ဘရာဇီးလ်အသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ရာမှာ အဓိက ကစားသမား အဖြစ် ခြေစွမ်းပြသနေတာလည်း ဖြစ်ပါတယ်။
နေမာဟာ ဘရာဇီးလ် အသင်းအတွက် နောက်ဆုံးကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၉ ပွဲမှာ ၇ ဂိုးထိ သွင်းယူထားပြီး ဂိုးဖန်တီး နိုင်မှုကလည်း ၈ ဂိုးအထိ စွမ်းဆောင်ထားသူ ဖြစ်ပါတယ်။
ဘရာဇီးလ်အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ကစားဖို့ ပွဲစဉ် ၆ ပွဲ ကျန်ရှိနေသေးပေမယ့် အဆင့် ၅ နေရာက အသင်းဖြစ်တဲ့ ကိုလံဘီယာအသင်းကို ၁၈ မှတ် ဖြတ်ထားနိုင်တာကြောင့် ကာတာနိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်သွားခဲ့ပြီ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ အိမ်ရှင် ကာတာအသင်းအပြင် ဂျာမနီ၊ ဒိန်းမတ်နဲ့ ဘရာဇီးလ် အသင်းတို့ ကမ္ဘာ့ဖလား ယှဉ်ပြိုင်ခွင့် လတ်မှတ် ရရှိသွားပြီလည်း ဖြစ်ပါတယ်။