CNI Sport News
၂၀၂၁ ခုနှစ်၊နိုဝင်ဘာ ၁၁
ပြင်သစ်ဘောလုံးရဲ့ အယ်ဒီတာချုပ်ဖြစ်သူက ၂၀၂၁ ခုနှစ်အတွက် ဘောလွန်းဒီအောဆုကို မက်ဆီ ရရှိသွားပြီဆိုတဲ့ သတင်းတွေဟာ ပေါက်ကရတွေလို့ ပြောလိုက်ပါတယ်။
ပေါ်တူဂီ ရုပ်သံလိုင်းဖြစ်တဲ့ RTP က အခုလထဲမှာပေးမယ့် ဘောလွန်းဒီအောဆုကို မက်ဆီက ၇ ကြိမ်မြောက်အဖြစ် စံချိန်တင် ရရှိခဲ့တယ်ဆိုပြီး ဖော်ပြခဲ့ပါတယ်။ အခုနှစ်အတွက် ဒီဆုကို ရရှိဖို့ မက်ဆီ အပါအဝင် လီဝန်ဒေါစကီး၊ ဘန်ဇီမာနဲ့ ဂျော်ဂျင်ဟိုတို့က ရေပန်းစားနေခဲ့တာပါ။
ဆုပေးပွဲ မတိုင်ခင်ကတည်းက မက်ဆီ ဆုရရှိသွားပြီဆိုတဲ့ သတင်းဟာ အားလုံးကို အံအားသင့်စေခဲ့တာလည်း ဖြစ်ပါတယ်။
ပြင်သစ်ဘောလုံးအကြီးအကဲ ပါစကယ်လ်ဖာရီကတော့ ဒီလိုပေါက်ကြားလာတဲ့ သတင်းတွေဟာ ပေါက်ကရတွေပဲလို့ ပြောခဲ့ တာပါ။
ပါစကယ်လ်ဖာရီက “ပြီးခဲ့တဲ့ ၁၀ ရက်အတွင်း ကျနော်တွေ့မြင် ခဲ့ရတာတွေက ပေါက်ကရတွေ အခြေအမြစ်မရှိတဲ့ အရာတွေ ပါ။ ဘာမှ မဟုတ်တာတွေကို ဖြေရှင်းနေရပါတယ်”လို့ Bild နဲ့ အင်တာဗျုးမှာ ဖြေခဲ့ပါတယ်။
ဘောလုံးပွဲ သုံးသပ်သူတွေ၊ ကျွမ်းကျင်သူတွေနဲ့ ကစားသမားဟောင်းတွေကတော့ အခုနှစ်အတွက် ဒီဆုကို ဘိုင်ယန်မြူးနစ် အသင်းတိုက်စစ်မှုး လီဝန်ဒေါစကီး ရသင့်တယ်လို့ သူတို့ရဲ့သဘောထားတွေကို ထုတ်ပြောနေကြပါတယ်။
လီဝန်ဒေါစကီးဟာ ၂၀၂၀ ခုနှစ်က ဘောလွန်းဒီအော ဆုပေးပွဲကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖျက်သိမ်းခဲ့လို့ နစ်နာခဲ့ရတာလည်း ဖြစ်ပါတယ်။ မက်ဆီဟာ အခုနှစ်အတွက် ဒီဆုကို ရမယ်ဆိုရင် ရူးသွပ်နိုင်တယ်လို့ ပြောထားပါတယ်။
မက်ဆီက “ ဘောလွန်းဒီအောဆုကို ထပ်ရမယ်ဆိုရင်တော့ ထူးထူးခြားခြား ဖြစ်ပါလိမ့်မယ်။ ၇ ကြိမ်မြောက်ရရင်တော့ ရူးသွပ် သွားနိုင်ပါတယ်။ မရခဲ့ဘူးဆိုရင် ဘာမှမဖြစ်ပါဘူး။ ကျနော့်အတွက် အကြီးမားဆုံး ရည်မှန်းချက်တွေထဲက တစ်ခုဖြစ်တဲ့ အာဂျင်တီးနားနဲ့ ကိုပါအမေရိကဖလား ရရှိပြီးပြီ”လို့ ပြောခဲ့ပါတယ်။
မက်ဆီဟာ လက်ရွေးစင်အသင်းနဲ့ ဆုဖလား ၁ ကြိမ်မှ မရဖူးသေးတာကြောင့် ကိုပါအမေရိကဖလား ရယူနိုင်ခဲ့တာကို အာဂျင်တီးနား ကစားသမားက အလွန်ပျော်ရွှင်နေခဲ့တာလည်း ဖြစ်ပါတယ်။
အခုလက်ရှိမှာတော့ မက်ဆီဟာ ဒူးနဲ့ တံကောက်ကြော ဒဏ်ရာပြဿနာတွေကြောင့် ပီအက်စ်ဂျီအသင်း နောက်ဆုံး ကစား ခဲ့တဲ့ ၂ ပွဲလုံးကို မပါဝင်နိုင်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ယှဉ်ပြိုင်မယ့် အာဂျင်တီးနားအသင်းနဲ့ အတူ လေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ်။