CNI Sport News
၂၀၂၁ ခုနှစ်၊နိုဝင်ဘာ ၁၀
ရော်နယ်ဒိုဟာ ပေါင် ၃၇၁၀၀၀(သုံးသိန်းကျော်)တန်ကြေးရှိတဲ့ ကမ္ဘာ့ စျေးအကြီးဆုံးနာရီလို့ ယူဆရတဲ့ နာရီရဲ့ ပိုင်ရှင်ဖြစ်လာခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်း ကစားသမားဟာ ပီအက်စ်ဂျီအသင်း တိုက်စစ်ကစားသမား မက်ဆီနဲ့အတူ ကစားသမားဘဝတလျှောက် ပေါင် ၁ ဘီလျံကျော် ဝင်ငွေရရှိတဲ့ လက်ရှိကစားနေဆဲ ကစားသမားတွေထဲက တစ်ဦးဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ မကြာသေးခင်ကလည်း ကမ္ဘာ့ဝင်ငွေ အများဆုံး အားကစားသမားစာရင်းမှာ နာမည်ကြီး ကစား သမားတွေဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်း၊ လီဘရွန်ဂျိမ်းစ်နဲ့ ဖက်ဒဲရားတို့ရဲ့အထက် အဆင့် ၅ နေရာမှာ ရပ်တည်နေ တာလည်း ဖြစ်ပါတယ်။
အဲဒါကြောင့်လည်း အသက် ၃၆ နှစ်အရွယ်ရှိ ကစားသမားဟာ Rolex လို ဆွဲဆောင်မှုရှိတဲ့ လက်ဝတ်ရတနာတွေ ကို ဝတ်ဆင်တာဟာ အံသြစရာတော့လည်း မဟုတ်ပါဘူး။
ဒါပေမယ့် ရော်နယ်ဒိုရဲ့ Rolex နာရီဟာ နေ့စဉ်ဘဝမှာ မြင်တွေ့ရနိုင်တဲ့ အမျိုးအစားလည်း မဟုတ်တာ ဖြစ်ပါ တယ်။ သူဝတ်ဆင်နေတဲ့ GMT Master Ice အမျိုးအစား နာရီကတော့ အံသြဖွယ်ကောင်းတဲ့ စျေးနှုန်းမျိုးရှိနေတာ ပါ။
ဒေးလီးစတားကတော့ ရော်နယ်ဒိုဟာ ဂျုဗင်တပ်စ်အသင်းမှာ ကစားနေတဲ့ ၂၀၁၉ ခုနှစ်တုန်းက ဒီနာရီကို ဝယ်ယူခဲ့ တာလို့ ရေးသားထားတာ ဖြစ်ပါတယ်။ အဲဒီအချိန်တည်းက အခု ရော်နယ်ဒို၀တ်ဆင်နေတဲ့နာရီရဲ့ တန်ဖိုးဟာ ပေါင် ၃၇၁၀၀၀ (သုံးသိန်းကျော်) တန်ကြေးရှိခဲ့တာဖြစ်ပြီး အခုအချိန်ထိ စျေးအကြီးဆုံး နာရီအဖြစ် ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။
ရော်နယ်ဒို ပိုင်ဆိုင်ထားတဲ့နာရီဟာ ၁၈ ကာရက်ရှိတဲ့ ရွှေဖြူပါဝင်သလို ၃၀ ကာရက်ရှိတဲ့ စိန်တွေနဲ့ ခြံရံထားတာ တွေ့ရပါတယ်။ဒါကြောင့် နာရီဟာ အရောင်တွေတောက်ပနေပြီး မြင်လိုက်တဲ့သူတိုင်းဟာ နာရီရဲ့ တန်ဖိုးကိုပါ သတိထားမိလောက်အောင် ဖြစ်ခဲ့ပါတယ်။
အခြားအဖိုးတန် နာရီတွေနဲ့လည်း စျေးကွက်မှာ သိသိသာသာကို ကွဲပြားနေခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒီနာရီဟာ ရေဖိအားကို မီတာ ၁၀၀ အထိ ထိန်းထားနိုင်တယ်လို့လည်း သိရပါတယ်။
ရော်နယ်ဒိုဟာ တူရင်ကနေ မန်ချက်စတာကို ပြောင်းပြီးကတည်းက ဒီနာရီကို ဝတ်ဆင်တာ မတွေ့ရသေးပါဘူး။ ရော်နယ်ဒိုဟာ ဒီနာရီကို နေရာတိုင်းမှာ ဝတ်ဆင်နေတာမဟုတ်ဘဲ ပထမဆုံး ဝတ်ဆင်ခဲ့တာကတော့ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီက ဒူဘိုင်းမှာ ကျင်းပခဲ့တဲ့ Global Soccer Awards ဆုပေးပွဲမှာ ဖြစ်ပါ
တယ်။