၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၄
မော်ရင်ဟိုဟာ ရိုးမား အသင်းမှာ မန်ချက်စတာယူနိုက်တက် အသင်းနောက်ခံလူ ဒါလောဒ့်နဲ့ ပြန်လည်လက်တွဲ အလုပ်လုပ်ရ ဖို့ နီးစပ်နေပြီလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ရိုးမားနဲ့ မန်ချက်စတာယူနိုက်တက် အသင်းတို့ဟာ ဒါလောဒ့်အတွက် ဇန်နဝါရီလမှာ ကနဦး အငှားနဲ့ ခေါ်ယူဖို့ ဆွေးနွေးမှု တွေလုပ်နေတာ တိုးတက်မှုတွေ ရှိလာတယ်လို့ Football Italia က ဖော်ပြထားပါတယ်။
ရိုးမားအသင်းဟာ ဒါလော့ဒ် အတွက် မန်ချက်စတာယူနိုက်တက် အသင်းကို အငှားခေါ်ယူခ ယူရို ၁ ဒသမ ၅ သန်း ပေးချေ ရမှာ ဖြစ်ပါတယ်။ဒါလောဒ့်ရဲ့ ရိုးမားအသင်းအတွက် ပွဲထွက်ခွင့်ရရှိတဲ့ အပေါ်မူတည်ပြီး အပြီးသတ်ဝယ်ယူ ခွင့်လည်း ပါဝင် ပါတယ်။
တကယ်လို့ ဒါလော့ဒ်ကို အပြီးသတ် ဝယ်ယူခဲ့မယ်ဆိုရင် ပြောင်းရွှေ့ ကြေးဟာ ယူရို ၁၅ သန်း ဝန်းကျင်ရှိမှာ ဖြစ်တာကြောင့် ရိုးမား အသင်းအနေနဲ့ စုစုပေါင်း ယူရို ၁၆ ဒသမ ၅ သန်း ကုန်ကျဖွယ်ရှိနေပါတယ်။ ဒါလောဒ့်ဟာဆိုရင် ပြီးခဲ့တဲ့ ရာသီက အေစီမီလန်အသင်းမှာ အငှားနဲ့ သွားရောက်ကစားခဲ့ပြီး ပွဲပေါင်း ၃၃ ပွဲမှာ ၂ ဂိုး သွင်းယူပြီးတော့ ခြေစွမ်းပြသနိုင်ခဲ့သူ ဖြစ်ပါ တယ်။
ပုံ-ဒါလောဒ့်ကိုတွေ့ရစဉ်။ (Sky Sports)
အေစီမီလန်အသင်းက ဒါလောဒ့်ကို အပြီးသတ် ခေါ်ယူချင်ပေမယ့် အသက် ၂၂ နှစ်အရွယ်ရှိ ပေါ်တူဂီ ကစားသမားဟာ မန်ချက်စတာယူနိုက်တက် အသင်းကိုသာ ပြန်လာခဲ့ပြီး အသင်းအတွက် ဒီရာသီ ၆ ပွဲသာ ပါဝင် ကစားခွင့်ရထားတာ ဖြစ်ပါ တယ်။
မော်ရင်ဟိုသည် မန်ချက်စတာယူနိုက်တက်အသင်းကို ကိုင်တွယ်ခဲ့တဲ့ ၂၀၁၈ ခုနှစ်နွေရာသီတုန်းက ဒါလောဒ့်ကို ခေါ်ယူခဲ့တာ ဖြစ်ပေမယ် သူ(မော်ရင်ဟို) မန်ယူနည်းပြရာထူးကနေ အထုတ်ပယ် ခံခဲ့ရတာကြောင့် ဒါလောဒ့်ဟာ အိုးထရက်ဖိုဒ့်မှာ နေရာရဖို့ ရုန်းကန်နေခဲ့ရပါတယ်။
ရိုးမား အသင်းဟာ ရာသီအစ စီးရီးအေ ၅ ပွဲမှာ ၄ ပွဲ အနိုင်ရခဲ့ပေမယ့် နောက်ဆုံးကစားတဲ့ပွဲမှာ ရလဒ်တွေ ဆိုးရွားနေခဲ့ပြီး အမှတ်ပေးဇယားအဆင့် ၆ နေရာကို ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ရိုးမားအသင်းဟာ နောက်ဆုံး ၇ ပွဲမှာ ပေးဂိုး ၁၅ ဂိုးအထိ ခွင့်ပြုခဲ့ရတာကြောင့် လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့မှာ အသင်းရဲ့ ခံစစ်ပိုင်းကို အားဖြည့်ဖို့ ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။ ဒါလောဒ့်ဟာ ဘယ်နောက်ခံလူ အဖြစ်ရော ညာနောက်ခံ လူ အဖြစ်ရော ကစားနိုင်သလို တောင်ပံတိုက်စစ်တွေမှာလည်း ကစားနိုင်သူဖြစ်ပါတယ်။
အီတလီမှာ ကစားခဲ့တဲ့ အတွေ့အကြုံကြောင့် မော်ရင်ဟိုက ခေါ်ယူဖို့ ပစ်မှတ်ထားကြိုးစားခဲ့တာ ဖြစ်ပါတယ်။
Source: Sportbible.com