CNI Sport News

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၄

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ စီနီယာကစားသမားအချို့ကတော့ နည်းပြ ဆိုးလ်ရှားကို အသင်းကနေ ထုတ်ပယ်စေလို ကြောင်း စိတ်အားထက်သန်နေကြတယ်လို့ အင်္ဂလိပ်ဂျာနယ်လစ်ဖြစ်တဲ့ ဒွန်ကန်ကတ်ဆဲလ်က ပြောလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၄ ပွဲမှာ ၃ ပွဲ အရေးနိမ့်ခဲ့ပြီး အဆင့် ၄ နေရာက လီဗာပူးလ် အသင်းနဲ့ ၅ မှတ်အကွာ အဆင့် ၆ နေရာမှာ ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒီလို ရလဒ်ဆိုးတွေကြောင့် နည်းပြ ဆိုးလ်ရှားအပေါ်မှာ ဖိအားတွေ အများအပြား ကျရောက်နေခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် နည်းပြဆိုးလ်ရှားကတော့ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ နည်းပြရာထူးကို ဆက်လက် ရယူထားနိုင်တာ တွေ့ရပြီး ဝက်ဖိုဒ့်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် မတိုင်ခင်အထိ အသင်းရဲ့နည်းပြ အပြောင်းအလဲ ဖြစ်ဖွယ် မရှိကြောင်းလည်း တွေ့ရပါတယ်။

ပုံ-လက်စတာနည်းပြ ရော်ဂျာကိုတွေ့ရစဉ်။ (Eurosport)

အသင်းရဲ့ စီနီယာ ကစားသမားအချို့ကတော့ ဒီရာသီ မန်ချက်စတာယူနိုက်တက်ရဲ့ ရည်မှန်းချက်တွေ ပြည့်မြောက်ဖို့ဆိုရင် နည်းပြ အပြောင်းအလဲပြုလုပ်ဖို့ လိုအပ်တယ်လို့ ယုံကြည်နေကြတာပါ။

ဒွန်ကန်ကတ်ဆဲလ်က “ ရလဒ်တွေနဲ့ သူလုပ်ခဲ့တဲ့ အလုပ်ရဲ့ သဘောသဘာဝအရ ဆိုးလ်ရှားအနေနဲ့ ဒီမှာ ဆက်ရှိနေတာကိုက အလွန် အံသြစရာကောင်းပါတယ်။ အဝတ်လဲခန်းရဲ့ တုံ့ပြန်မှုအရဆိုရင် ယူနိုက်တက်အသင်းရဲ့ စီနီယာ ကစားသမားတွေဟာ သူတို့မှာရှိတဲ့ အရည်အသွေးတွေနဲ့ သူတို့လိုချင်တဲ့ ပန်းတိုင်ကို ရောက်ဖို့ဆိုရင် နည်းပြပြောင်းရမယ်ဆိုပြီး သူတို့ ခံစားနေရ ပါတယ်”လို့ Transfer Window Podcast နဲ့ အင်တာဗျူးမှာ ပြောထားတာ ဖြစ်ပါတယ်။

ဆိုးလ်ရှားဟာ မန်ချက်စတာယူနိုက်တက် အသင်းကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလမှာ ယာယီနည်းပြဘဝကနေ အမြဲတမ်း နည်းပြ အဖြစ် ခန့်အပ်ခံခဲ့ရတာ ဖြစ်ပေမယ့် လက်ရှိအချိန်ထိ အသင်းကို ဆုဖလားအောင်မြင်မှု ရယူနိုင်အောင် စွမ်းဆောင်နိုင်ခြင်း မရှိ သေးပါဘူး။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဆိုးလ်ရှားရဲ့ နေရာကို လက်စတာအသင်းနည်းပြ ရော်ဂျာနဲ့ အစားထိုးမယ်လို့ သတင်း တွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

Source: Sportmole.co.uk