၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၄

ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ ပြင်သစ်အသင်းဟာ ကာဇတ်စတန် အသင်းနဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ၈ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရသလို  ဘယ်လ်ဂျီယံ အသင်းကလည်း အက်စ်တိုးနီးယား ၃ ဂိုး- ၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့အတွက် ကမ္ဘာ့ဖလား ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရရှိသွားကြပြီဖြစ်ပါတယ်။

ပြင်သစ်အသင်းအတွက် ဂိုးတွေကို တိုက်စစ်ကစားသမား ဘတ်ပီ တစ်ဦးတည်းက ၄ ဂိုးအထိ သွင်းယူခဲ့တာပါ။ ကျန်တဲ့ ဂိုး တွေကိုတော့ ဘန်ဇီမာက ၂ ဂိုး၊ ရာဘီယော့နဲ့ ဂရစ်ဇ်မန်းတို့က သွင်းယူခဲ့တာဖြစ်ပါတယ်။ ဘတ်ပီ အတွက်တော့ ဒီပွဲအပါအဝင် ပြင်သစ်အတွက် နောက်ဆုံးကစားပေးခဲ့တဲ့ ၃ ပွဲမှာ ၆ ဂိုးအထိ သွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဘတ်ပီဟာ ၁၉၈၅ ခုနှစ်က ရိုရှီတူ နောက်ပိုင်း နိုင်ငံတကာပြိုင်ပွဲအဆင့်မှာ ပြင်သစ်အတွက် ပထမဆုံး ဟတ်ထရစ် ဂိုးသွင်းယူနိုင်တဲ့ သူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ပီအက်စ်ဂျီ ကစားသမားအတွက်လည်း ပြင်သစ်လက်ရွေးစင် ကစား သမားဘဝ ပထမဆုံး ဟတ်ထရစ်ဂိုး ရယူနိုင်ခဲ့တာပါ။

ပုံ- ဘယ်လ်ဂျီယံအသင်းကိုတွေ့ရစဉ်။ (News-Europe.fr)

ပြင်သစ်အသင်းဟာ ဒီပွဲအနိုင်ရခဲ့တာကြောင့် အုပ်စုပွဲစဉ်ကစားဖို့ ၁ ပွဲ ကျန်ရှိနေပေမယ့် ဒုတိယနေရာက ဖင်လန်အသင်းကို ၄ မှတ် ဖြတ်ထားနိုင်ခဲ့တာကြောင့် ခြေစစ်ပွဲ အောင်မြင်သွားခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့နံပတ် ၁ အသင်းဖြစ်တဲ့ ဘယ်လ်ဂျီယံ အသင်းကလည်း အက်စ်တိုးနီးယား အသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရပြီး ကမ္ဘာ့ ဖလားခြေစစ်ပွဲ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ ဘယ်လ်ဂျီယံအတွက် ဂိုးတွေကို ဘန်တီကီ၊ ကာရက်စကိုနဲ့ သော်ဂန်ဟာဇတ် တို့က သွင်းယူခဲ့တာပါ။ ဘယ်လ်ဂျီယံ အသင်းကလည်း အုပ်စုတွင်း ဒုတိယနေရာက ဝေးလ်စ်အသင်းနဲ့ အုပ်စု နောက်ဆုံးပွဲစဉ် အဖြစ် ယှဉ်ပြိုင်ရမှာ ဖြစ်ပေမယ့် ရမှတ် ၄ မှတ် အသာရထားကြောင့် ကာတာမှာ ကျင်းပမယ့် ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့် ရရှိသွားခဲ့ တာပါ။

ကမ္ဘာ့ဖလားပြိုင်ပွဲ(ဥရောပဇုန်)က ခြေစစ်ပွဲအုပ်စုအဆင့် ပွဲစဉ်တွေကစားဖို့ ၁ ပွဲပဲ ကျန်ရှိတော့တဲ့ အချိန်မှာ ဂျာမနီ၊ ဒိန်းမတ်၊ ပြင်သစ်နဲ့ ဘယ်လ်ဂျီယံ အသင်းတို့ ခြေစစ်ပွဲအောင်မြင်ခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ တောင်အမေရိကဇုန်က ဘရာဇီးလ် အသင်းလည်း ခြေစစ်ပွဲအောင်မြင်ထားပြီး ဖြစ်တာကြောင့် အိမ်ရှင် ကာတာ အပါအဝင် ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရရှိ ထားတဲ့ အသင်း ၆ သင်း ထွက်ပေါ်နေပြီလည်း ဖြစ်ပါတယ်။

Source:BBC.co.uk