၂၀၂၁ ခုနှစ်၊နို၀င်ဘာ ၂

မန်ချက်စတာယူနိုက်တက် အသင်းနည်းပြ ဆိုးလ်ရှားကတော့ သူဟာ ဝေဖန်ခံရတာတွေကို နှစ်သက် သဘောကျတယ်လို့ ပြောလိုက်ပါတယ်။

ဒါ့အပြင် နော်ဝေလူမျိုးနည်းပြက ငြင်းခုံနေတဲ့ သူတွေနဲ့ တိုက်ခိုက်ချင်စိတ် မရှိဘူးလို့လည်း ဆိုခဲ့ပါသေးတယ်။ ဆိုးလ်ရှားဟာ လီဗာပူးလ် အသင်းကို အရှက်တကွဲ အရေးနိမ့်ပြီးနောက် ဝေဖန်မှုတွေ အများအပြားခံခဲ့ရပြီး ရာထူးကနေ ထုတ်ပယ်ခံရမယ့် အရေးနဲ့တောင် ကြုံတွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ဆိုးလ်ရှားဟာ စပါးအသင်းကို (၃)ဂိုးပြတ်နဲ့ အနိုင်ရရှိအောင် မန်ချက်စတာယူနိုက်တက် အသင်းကို ပြန်လည် ကိုင်တွယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ဆိုးလ်ရှားဟာ စပါးအသင်းကို အနိုင်ရခဲ့ပေမယ့် သူ့ရဲ့ နည်းစနစ်ပိုင်းတွေကြောင့် ဝေဖန် ခံနေရပါသေးတယ်။

ဆိုးလ်ရှားက “ဝေဖန်မှုတွေဟာ ခင်ဗျားကိုယ်ခင်ဗျား သံသယဖြစ်စေနိုင်သလို ခင်ဗျားကိုယ်တိုင်လည်း ရပ်တည်နိုင်ပါတယ်။ ကျနော်ကတော့ အမြဲဝေဖန်ခံနေရလို့ ဝေဖန်မှုတွေကို သဘောကျနေပါပြီ။ ကြိုက်သလောက် ဝေဖန်မှုတွေလာပါ။ အဆင်ပြေ နေပါပြီ”လို့ ဆိုပါတယ်။

ပုံ - အနိုင်ရပြီးနောက် ဆိုးလ်ရှား အောင်ပွဲခံနေစဉ်။

“ဂျာနယ်လစ်တွေ၊ ဝေဖန်သူတွေနဲ့ ကျွမ်းကျင်တဲ့သူတွေဟာ မတူညီတဲ့ အလုပ်ကိုယ်စီ ရှိပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး ထင်မြင်ချက်ပေးရမှာက သူတို့ အလုပ်တွေပါပဲ။ သူတို့နဲ့ တိုက်ခိုက်ဖို့ ကျနော် ဒီမှာရှိနေတာ မဟုတ်ပါဘူး”လို့ ဆိုခဲ့ပါတယ်။

ဆိုးလ်ရှားဟာ စပါးအသင်းကို အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် နည်းပြရာထူးက ထုတ်ပယ်ခြင်း မခံရသေးပေမယ့် အရေးနိမ့်ခဲ့တဲ့ စပါး နည်းပြကတော့ ထုတ်ပယ်ခံခဲ့ရပါတယ်။

ဆိုးလ်ရှားကိုင်တွယ်တဲ့ မန်ယူဟာ စပါးအသင်းကို အနိုင်ရခဲ့လို့ နည်းပြရာထူးအတွက် ဖိအားအနည်းငယ်သာ လျော့ကျခဲ့တာ ဖြစ်ပါတယ်။

လာမယ့် အပတ်တွေမှာတော့ မန်ယူအသင်းဟာ အတ္တလန်တာနဲ့ ချန်ပီယံလိဂ်ပွဲ ကစားဖို့ရှိသလို မန်စီးတီးနဲ့ ပရီးမီးယားလိဂ်ပွဲ လည်း ကစားရဦးမှာဖြစ်လို့ ဖိအားတွေ ရှိနေပါသေးတယ်။ မန်ယူ ကစားသမားဟောင်းအနေနဲ့ ဒီပွဲတွေမှာ ရလဒ် မကောင်း ခဲ့ရင် ထုတ်ပယ်ခံရဖွယ် ရှိနေတယ်လို့ သုံးသပ်မှုတွေ ရှိနေကြတာလည်း ဖြစ်ပါတယ်။