CNI Sport News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၁

အာဂျင်တီးနားအသင်းချန်ပီယံဆုရယူနိုင်ခဲ့တဲ့ ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ မက်ဆီဝတ်ဆင်ခဲ့တဲ့ အင်္ကျီ ၆ ထည်ကို လေလံတင်ရောင်းချသွားမှာဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ဗိုလ်လုပွဲမှာ ပြင်သစ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရပြီး အသင်းခေါင်းဆောင် မက်ဆီက ကမ္ဘာ့ဖလားချန်ပီယံဆုကို ကိုင်မြှောက်နိုင်ခဲ့တာပါ။ မက်ဆီကတော့ နယူးယော့ခ်ရှိ Sotheby's မှာပြုလုပ်မယ့် လေလံပွဲမှာ ဒီအင်္ကျီတွေရောင်းချမှုကနေ ပေါင် ၈ သန်းကျော်ရရှိဖို့ မျှော်လင့်ထားတာဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်က မာရာဒိုနာရဲ့ ‘Hand of God’ ဂျာစီကို ရောင်းချခဲ့တာက ဘောလုံး သမိုင်းမှာ ဈေးအကြီးဆုံး လေလံတင်ရောင်းချမှုဖြစ်ခဲ့ပြီး ပေါင် ၇.၁ သန်းရရှိခဲ့တာပါ။

Sotheby's ရဲ့ အကြီးအကဲ ဝက်ချ်တာက မက်ဆီရဲ့ ကမ္ဘာ့ဖလားအင်္ကျီ ၆ ထည်ရောင်းချမှုဟာ လေလံသမိုင်းမှာ အကြီးကျယ်ဆုံးအချိန်အဖြစ် ရပ်တည်နေတယ်လို့ ပြောခဲ့ပါတယ်။ ဘောလွန်းဒီအော ၈ ကြိမ်ရရှိထားတဲ့ မက်ဆီဟာ ပြိုင်ပွဲတစ်ခုတည်းရဲ့ အုပ်စုအဆင့်၊ ၁၆ သင်းအဆင့်၊ ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးကစားသမားအဖြစ်လည်း မှတ်တမ်း တင်နိုင်ခဲ့တာပါ။

နိုဝင်ဘာ ၃၀ ရက်ကနေ  ဒီဇင်ဘာ ၁၄ ရက်အတွင်းပြုလုပ်မယ့် လေလံဆွဲမှုလုပ်ငန်းစဉ်အတွင်းမှာ မက်ဆီရဲ့ အင်္ကျီတွေကို Sotheby's ရုံးချုပ်မှာ အခမဲ့ကြည့်လို့ရမှာဖြစ်ပါတယ်။ ဒီလေလံကနေရရှိတဲ့ ဝင်ငွေတွေရဲ့ အစိတ်အပိုင်းတွေကို ရှားပါးရောဂါခံစားနေရတဲ့ ကလေးတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးသွားမှာ ဖြစ်တဲ့အပြင် အခြားပရဟိတလုပ်ငန်းတွေကိုလည်း လှူဒါန်းမှုတွေပြုလုပ်သွားမှာပါ။

မက်ဆီရဲ့ ဂျာစီလေလံတင်ရောင်းချမှုဟာ အားကစားလောကမှာ လေလံတင်ရောင်းချမှုကနေ စံချိန်တင်ရရှိခဲ့တဲ့ NBA နာမည်ကြီး မိုက်ကယ်ဂျော်ဒန်ရဲ့ ပေါင် ၈.၁ သန်းကို ကျော်လွန်ပြီးရရှိသွားနိုင်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

Source:BBC