CNI Sport News

 ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၁

ယူရိုပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံဖြစ်တဲ့ အီတလီအသင်းဟာ ယူကရိန်းအသင်းနဲ့ ဂိုးမရှိ သရေကျပြီးနောက် ယူရို ၂၀၂၄ ပြိုင်ပွဲကို ခြေစစ်ပွဲအောင်မြင်သွားခဲ့ပြီ ဖြစ်ပါတယ်။

အီတလီအသင်းနဲ့ ယူကရိန်းအသင်းတို့ဟာ သရေရလဒ်ကြောင့် အုပ်စုပွဲစဉ် ၈ ပွဲစလုံး ကစားအပြီးမှာ ရမှတ် ၁၄ မှတ်ချင်း တူညီနေပေမယ့် ထိပ်တိုက်တွေ့ဆုံမှုမှာ အီတလီအသင်းက အသာရရှိခဲ့ပါတယ်။

အဲ့ဒါကြောင့် အီတလီအသင်းဟာ အုပ်စု C မှာ ဒုတိယနေရာ ရပ်တည်ကာ ထိပ်ဆုံးနေရာမှာရှိနေတဲ့ အင်္ဂလန် အသင်းနဲ့အတူ ဂျာမနီမှာကျင်းပမယ့် ပြိုင်ပွဲအတွက် ခြေစစ်ပွဲအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ 

အုပ်စုတွင်း တတိယနေရာ ရပ်တည်ခဲ့တဲ့ ယူကရိန်းအသင်းကတော့ ပလေးအော့ဖ် အဆင့်ကနေ ယူရို ၂၀၂၄ ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရဖို့ မျှော်လင့်ချက်တွေ ရှိနေပါတယ်။ 

ဒီပွဲစဉ်ရဲ့ နောက်ဆုံးမိနစ်မှာ ယူကရိန်းအသင်း ပင်နယ်တီ ရရှိနိုင်မယ့် အခွင့်အရေး ရခဲ့ပေမယ့် ကွင်းလယ် ဒိုင်လူကြီးက ပေးခဲ့ခြင်းမရှိပါဘူး။ 

ယူကရိန်းအသင်း နည်းပြ ရီဘရော့ဗ်ကတော့ ကွင်းလယ်ဒိုင်လူကြီးနဲ့ VAR တို့ဟာ မှားယွင်းတဲ့ ဆုံးဖြတ်ချက် ချခဲ့တယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

အီတလီအသင်းနဲ့ ယူကရိန်းအသင်း ယှဉ်ပြိုင်နေစဉ်

ရီဘရော့ဗ်က “ကျနော်ကတော့ ဒါကို ပင်နယ်တီလို့ ထင်ပါတယ်။ ဒါပေမယ့် ဒိုင်လူကြီးနဲ့ VAR တို့ရှိပါတယ်။ ကျနော်တို့က ဒါကို ဆုံးဖြတ်တဲ့သူတွေ မဟုတ်ပါဘူး။ ဒီဖြစ်ရပ်ကို စစ်ဆေးဖို့ ဒိုင်လူကြီးက မပြောခဲ့ပါဘူး။ ကျနော့် အမြင်မှာတော့ ဒါက ပင်နယ်တီ ကန်သွင်းရမှာပါ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

အီတလီအသင်းနည်းပြ စပယ်လက်တီက ယူကရိန်းအသင်းဟာ မိမိတို့ကို ပြဿနာတွေ အများကြီးပေးခဲ့ပြီး အလွန်ကောင်းမွန်တဲ့ အသင်းဖြစ်ကြောင်း ပြသသွားခဲ့တယ်လို့ ပြောပါတယ်။ 

စက်တင်ဘာလကမှ အီတလီအသင်းကို နည်းပြအဖြစ် စတင်ကိုင်တွယ်ခဲ့တဲ့ စပယ်လက်တီဟာ ယူရိုခြေစစ်ပွဲ အောင်မြင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

စပယ်လက်တီက “ယူကရိန်းက အလွန်ကောင်းမွန်တဲ့ အသင်းဖြစ်ကြောင်းကို ပြသသွားခဲ့ပါတယ်။ ဒီပွဲက ကျနော်တို့အတွက် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး ပထမပိုင်းမှာတင် ကောင်းမွန်တဲ့ ရလဒ်တွေရယူဖို့ အခွင့်အရေး အများအပြား ရရှိခဲ့ပါတယ်။ အခု ကျနော်တို့ အဆင့်တက်သွားပြီဖြစ်ပြီး ပျော်ရွှင်စရာတွေနဲ့ စတင်ရတော့မှာပါ”လို့ ပြောခဲ့ပါတယ်။

ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် အိမ်ရှင်ဂျာမနီ အပါအဝင် ခြေစစ်ပွဲအောင်မြင်ပြီးသား အသင်းအရေအတွက် ၂၀ သင်း အထိ ရှိလာပြီဖြစ်ပါတယ်။

Source: Daily Mail