CNI Sport News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၆

ယူနိုက်တက်အသင်းဟာ စာချုပ်သက်တမ်း ကုန်ဆုံးသွားပြီးနောက် အသင်းက ထွက်ခွာတာ ၃ လကြာရှိပြီဖြစ်တဲ့ ဂိုးသမားဟောင်း ဒီဂီယာကို ပြန်လည်ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ The Sun က ဖော်ပြထားပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့က အင်တာမီလန် အသင်းကနေ ဂိုးသမား အိုနာနာကို ပေါင် ၄၇ သန်းနဲ့ ခေါ်ယူခဲ့ပြီးနောက် အသင်းမှာ ၁၂ နှစ်ကြာရှိခဲ့တဲ့ ဂိုးသမား ဒီဂီယာကို ထွက်ခွာခွင့် ပြုခဲ့ပါတယ်။

ဒါပေမယ့် အိုနာနာဟာ အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲဝင်မယ့် ကင်မရွန်းအသင်း လူစာရင်းမှာ ရွေးချယ်ခံရမယ် ဆိုရင် လာမယ့်ဇန်နဝါရီမှာ ယူနိုက်တက်အသင်းရဲ့ ပွဲစဉ် ၈ ပွဲအထိ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဒီဂီယာနဲ့ အသင်းဖော်ဟောင်းတွေကို တွေ့ရစဉ်

အဲ့ဒါကြောင့် ယူနိုက်တက်အသင်းဟာ အခုအချိန်ထိ အသင်းလက်မဲ့ဖြစ်နေတဲ့ ဒီဂီယာကို ပြန်လည်ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

အိုနာနာသာ အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲသွားခဲ့ရင် ယူနိုက်တက်အသင်းမှာ ဂိုးသမားတွေအဖြစ် ဘာယင်းဒယ်နဲ့ တွမ်ဟီတန်တို့သာ ရှိတော့တာ ဖြစ်ပါတယ်။ 

ဘာယင်းဒယ်ဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ကမှ ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ၁ ပွဲ မှ ပါဝင်ကစားရခြင်း မရှိသေးသလို ဝါရင့်ဂိုးသမား တွမ်ဟီတန်ကလည်း ဒဏ်ရာတွေကြောင့် ရုန်းကန်နေရပါ တယ်။

ဒီဂီယာဟာ မန်ချက်စတာမှာ ရှိနေတာဖြစ်ပြီး မကြာသေးခင်ကမှ အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ဘရူနိုဖာနန် ဒက်စ်၊ လင်ဒီလော့ဖ်၊ ဗာရန်း၊ တွမ်ဟီတန်တို့နဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ 

စပိန်ဂိုးသမားဟာ မန်ချက်စတာမှာ လေ့ကျင့်မှုတွေ ပြုလုပ်နေတာဖြစ်ပြီး အခုအချိန်ထိ အသင်းသစ် မရသေးတာ ကြောင့် ကစားသမားဘဝက အနားယူဖို့ စဉ်းစားနေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ယူနိုက်တက်အသင်း ပရိသတ်အချို့က ဒီဂီယာကို အသင်းထံ ပြန်လာဖို့ ဆိုရှယ်မီဒီယာတွေ ကနေတဆင့် တောင်းဆိုမှုတွေ ရှိနေပါတယ်။

အသက် ၃၂ နှစ်အရွယ်ရှိ ဒီဂီယာဟာ ယူနိုက်တက်အသင်းမှာ ၂၀၁၁ ကနေ ၂၀၂၃ ခုနှစ်အထိ ပွဲပေါင်း ၅၄၅ ပွဲ ပါဝင်ကစားခဲ့ပါတယ်။

ဒီဂီယာဟာ ယူနိုက်တက်အသင်းနဲ့အတူ ပရီးမီးယားလိဂ်၊ FA ဖလား၊ ယူရိုပါလိဂ်၊ ကာရာဘောင်းဖလားနဲ့ ကွန်မြူနတီဒိုင်းပြိုင်ပွဲတွေမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။

Source: Daily Mail