CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၃
ရိုးမားအသင်းနည်းပြ မော်ရင်ဟိုဟာ မွန်ဇာအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ ပြိုင်ဘက် အသင်း အရန်ခုံတန်းဘက်ကို ငိုကြွေးနေတဲ့ အမူအရာလုပ်ပြခဲ့တာကြောင့် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ် ခံခဲ့ရပါတယ်။
ဒီပွဲစဉ်ရဲ့ မိနစ် ၉၀ မှာ အယ်လ်ရှာရာဝေးက ရိုးမားအသင်းအတွက် အနိုင်ဂိုးသွင်းယူပြီးနောက် ခဏအကြာမှာ နည်းပြမော်ရင်ဟိုဟာ မွန်ဇာအသင်းရဲ့ အရန်ခုံတန်းဘက်ကို လှည့်ကာ ငိုကြွေးနေတဲ့ အမူအရာနဲ့ စကားတွေ အရမ်းများတယ်ဆိုတဲ့ ပုံစံကို ပြုလုပ်သွားခဲ့တာပါ။ အဲဒါကြောင့် မော်ရင်ဟိုဟာ ကွင်းလယ်ဒိုင်လူကြီးရဲ့ တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခြင်းကို ခံခဲ့ရပြီး လာမယ့် အင်တာမီလန်အသင်းနဲ့ စီးရီးအေပွဲစဉ်ကို ကိုင်တွယ်လို့ မရတော့ပါဘူး။
မော်ရင်ဟိုက “ကျနော်အမူအရာလုပ်ခဲ့ပေမယ့် ဘာကိုမှပြောဆိုခဲ့ခြင်းမရှိပါဘူး။ ကျနော်ဒီလိုလုပ်ခဲ့တာက ပြီးခဲ့တဲ့ရာသီမှာ အရည်အချင်းရှိပေမယ့် အတွေ့အကြုံပိုင်းအားနည်းတဲ့သူတွေက ကျနော်တို့ကို ဆိုးရွားတဲ့ စကားလုံးတွေအသုံးပြုခဲ့လို့ပါ။ ဒီပွဲမှာဆိုရင်လည်း ဒိုင်လူကြီးကို ဖိအားပေးဖို့ ကြိုးစားနေတာက မွန်ဇာအသင်းက ဖြစ်ပါတယ်။ ရိုးရိုးသားသားပြောရမယ်ဆိုရင် သူတို့ဟာ ဒီပွဲမှာအလွန်ကောင်းမွန်ခဲ့ပြီး ရှုံးနိမ့်မှုနဲ့ မထိုက်တန်ပါဘူး” လို့ Sky Italia ကို ပြောခဲ့တာပါ။
ရိုးမားအသင်းဟာ ရာသီအစပိုင်းမှာ ရလဒ်တွေဆိုးခဲ့ပေမယ့် နောက်ဆုံးကစားခဲ့တဲ့ လိဂ် ၃ ပွဲဆက်တိုက် နိုင်ပွဲ ပြန်လည်ရရှိခဲ့ပြီး အဆင့် ၇ နေရာကို ရောက်ရှိလာခဲ့ပါတယ်။ ရိုးမားအသင်းဟာ ဒီရာသီ စီးရီးအေပွဲစဉ် ၉ ပွဲကစား အပြီးမှာ ရမှတ် ၁၄ မှတ်နဲ့ အဆင့် ၄ နေရာက နာပိုလီအသင်းနဲ့ ၃ မှတ်သာ ကွာဟတော့တာပါ။ ရိုးမားအသင်းဟာ အောက်တိုဘာ ၂၆ ရက်မှာ ယူရိုပါလိဂ်ပွဲစဉ်အဖြစ် ဆလားဗီးယားအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
စီးရီးအေကလပ်ဟာ ယူရိုပါလိဂ်အုပ်စုတွင်း ၂ ပွဲကစားအပြီးမှာ ၂ ပွဲစလုံးနိုင်ပွဲရရှိထားတာဖြစ်ပါတယ်။
Source:DailyMail