CNI Sport News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၃

အင်တာမိုင်ယာမီအသင်းဟာ မေဂျာလိဂ် ပလေးအော့ဖ် ဝင်ခွင့်မရခဲ့ပေမယ့် အသင်းခေါင်းဆောင် မက်ဆီက ကလပ်အသင်းနဲ့အတူ သူ့ရဲ့ ပွဲဦးထွက်ရာသီအတွက် ဂုဏ်ယူမိတယ်လို့ ပြောခဲ့ပါတယ်။

မက်ဆီက “ဒီရာသီမှာ အသင်းအတွက် စွမ်းဆောင်နိုင်ခဲ့တဲ့ အရာတွေ အားလုံးအတွက် ကျနော်ဂုဏ်ယူမိပါတယ်။ လူတိုင်းရဲ့ ကြိုးစားအားထုတ်မှုနဲ့အတူ ကျနော်တို့ဟာ အင်တာမိုင်ယာမီ သမိုင်းမှာ ပထမဆုံး ဆုဖလားဖြစ်တဲ့ လိဂ် ဖလားကို ရယူနိုင်ခဲ့ပါတယ်။ US Open ဖလားပြိုင်ပွဲမှာလည်း ကျနော်တို့ ဗိုလ်လုပွဲ ရောက်ရှိခဲ့ပါတယ်။ နောက်ဆုံး အခိုက်အတန့်အထိ မေဂျာလိဂ် ပလေးအော့ဖ်ဝင်ခွင့်ရဖို့ ကျနော်တို့ တိုက်ပွဲဝင်ခဲ့ပါတယ်။ ကျနော်တို့ကို အမြဲတမ်း ပံ့ပိုးပေးနေတဲ့ ကလပ်နဲ့ မိုင်ယာမီမြို့က လူတွေအားလုံးကို ကျေးဇူးတင်ပါတယ်”လို့ အင်စတာဂရမ်မှာ ရေးသားခဲ့ ပါတယ်။

မက်ဆီဟာ ပြီးခဲ့တဲ့နွေရာသီက ပီအက်စ်ဂျီ အသင်းကနေ ထွက်ခွာခဲ့ပြီးနောက် အင်တာမိုင်ယာမီသင်းထံ ၂ နှစ်ခွဲ စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

မက်ဆီကို တွေ့ရစဉ်

ကမ္ဘာ့ဖလား ချန်ပီယံဆုရှင်ဟာ အင်တာမိုင်ယာမီ အသင်းအတွက် ပါဝင်ကစားပေးခဲ့တဲ့ ၁၄ ပွဲမှာ ၁၁ ဂိုး သွင်းယူ နိုင်ခဲ့ပြီး လိဂ်ဖလား ချန်ပီယံဆု ကိုင်မြှောက်နိုင်အောင် ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။

ဒါပေမယ့် မက်ဆီရဲ့ ဒဏ်ရာကြောင့် အင်တာမိုင်ယာမီ အသင်းဟာ နောက်ပိုင်းပွဲတွေမှာ ရလဒ်တွေဆိုးခဲ့ပြီး ပလေးအော့ဖ် ဝင်ခွင့်ဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ မေဂျာလိဂ်ပြိုင်ပွဲရဲ့ အခုရာသီကို အဆုံးသတ်ခဲ့ပြီးနောက် မက်ဆီဟာ အသင်း ဟောင်း ဘာစီလိုနာအသင်းထံ ကာလတို အငှားစာချုပ်နဲ့ ပြန်သွားနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဒါပေမယ့် မက်ဆီကတော့ သူဟာ အင်တာမိုင်ယာမီ အသင်းကနေ အငှားနဲ့ ထွက်ခွာမှာ မဟုတ်ဘဲ လာမယ့်လမှာ ကစားမယ့် အာဂျင်တီးနားအသင်းရဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေအတွက် အာရုံစိုက်ပြီး လေ့ကျင့်ပြင်ဆင် သွားမယ်လို့ ပြောထားခဲ့ပါတယ်။

မက်ဆီဟာ အာဂျင်တီးနားအသင်းနဲ့ နိုင်ငံတကာ ပွဲစဉ်အပြီးမှာ အားလပ်ရက် အပြည့်အဝရယူကာ ရာသီကြို လေ့ကျင့်မှုတွေ ပြုလုပ်မယ့် အချိန်မှ အင်တာမိုင်ယာမီအသင်းနဲ့ ပြန်လည်ပူးပေါင်းဖို့ ရှိနေပါတယ်။

အင်တာမိုင်ယာမီ အသင်းဟာ နိုဝင်ဘာလထဲမှာ တရုတ်နိုင်ငံကို သွားရောက်ပြီး ခြေစမ်းပွဲ ၂ ပွဲကစားဖို့ စီစဉ် ထားတာကြောင့် မက်ဆီအနေနဲ့ ဒီခရီးစဉ်ကို လိုက်ပါဖွယ် ရှိနေတာ ဖြစ်ပါတယ်။

Source: Goal