CNI Sport News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၉

တောင်ပံကစားသမား ဆာကာဟာ လာမယ့်နိုင်ငံတကာ ပွဲစဉ်တွေအတွက် အင်္ဂလန်အသင်းနဲ့ ပူးပေါင်းမှာ မဟုတ်ဘူးလို့ အာဆင်နယ် အသင်းနည်းပြ အာတီတာက အတည်ပြု ပြောကြားလိုက်ပါတယ်။

အာတီတာက “သူဟာ အင်္ဂလန်အသင်းနဲ့ ပူးပေါင်းမှာ မဟုတ်ပါဘူး။ သူဟာ လေ့ကျင့်မှုတောင် ပြုလုပ်နိုင်ခြင်း မရှိသေးလို့ လက်ရှိအချိန်မှာ ဘောလုံးကစားဖို့ မဖြစ်နိုင်သေးဘူး”လို့ မန်စီးတီးအသင်းနဲ့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

ဆာကာဟာ ဒဏ်ရာကြောင့် အာဆင်နယ်အသင်းက မန်စီးတီးအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယား လိဂ် ပွဲစဉ်ကို မပါဝင်နိုင်ခဲ့ပါဘူး။ 

အသက် ၂၂ နှစ်အရွယ်ရှိ ဆာကာဟာ ဒီပွဲမှာ အာဆင်နယ်အသင်းအတွက် မပါဝင်နိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ၈၇ ပွဲဆက်တိုက် ပါဝင်ကစားထားတဲ့ မှတ်တမ်းကောင်းတစ်ခု ရပ်တန့်သွားခဲ့တာ ဖြစ်ပါတယ်။ 

ဆာကာကို တွေ့ရစဉ်

ဆာကာဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပြီး လန်းစ်အသင်းကို အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ စောစီးစွာ လူစားလဲခံခဲ့ရပါတယ်။

အင်္ဂလန်အသင်းဟာ သြစတြေးလျနဲ့ ခြေစမ်းပွဲ၊ အီတလီအသင်းနဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲတွေအတွက် လူစာရင်းမှာ ဆာကာကို ရွေးချယ်ထားတာ ဖြစ်ပါတယ်။ 

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က ဆာကာကို လူစာရင်းမှာ ရွေးချယ်ထားပေမယ့် စွန့်စားပြီး အသုံးပြုမှာ မဟုတ်ဘူးလို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောထားပါတယ်။

ဒါပေမယ့် အာဆင်နယ် အသင်းနည်းပြ အာတီတာရဲ့ ပြောစကားကြောင့် ဆာကာဟာ အင်္ဂလန်အသင်း လူစာရင်း ကနေ နုတ်ထွက်ဖွယ် ရှိနေပါတယ်။ 

အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲ ၅ ပွဲ ကစားအပြီးမှာ ၄ ပွဲနိုင်၊ ၁ ပွဲသရေ ရမှတ် ၁၃ မှတ်နဲ့ ခြေစစ်ပွဲ အောင်မြင်ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။ 

Source: BBC