CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၆
အာဆင်နယ်အသင်း တောင်ပံကစားသမား ဆာကာဟာ အင်္ဂလန်အမျိုးသားတစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ၂ နှစ်ဆက်တိုက် ရရှိသွားခဲ့ပါတယ်။
စက်တင်ဘာ ၅ ရက်ကမှ အသက် ၂၂ နှစ်ပြည့်ခဲ့တဲ့ ဆာကာဟာ ၂၀၂၂-၂၃ ရာသီ အင်္ဂလန်ရဲ့ တစ်နှစ်တာ အကောင်းဆုံး အမျိုးသားကစားသမားအဖြစ် ပရိသတ်တွေရဲ့ မဲပေးရွေးချယ်ခြင်းကို ခံခဲ့ရတာပါ။
ဆာကာဟာ ကွင်းလယ်လူ ဘယ်လင်ဂမ်၊ အသင်းခေါင်းဆောင် ဟာရီကိန်းတို့ကို မဲအသာရပြီး ဒီဆုကို ရရှိခဲ့တာ လည်း ဖြစ်ပါတယ်။
၂၀၂၀ ခုနှစ်၊ အောက်တိုဘာလကမှ အင်္ဂလန်လက်ရွေးစင် အသင်းကြီးအတွက် ပွဲထွက်ခွင့်ရခဲ့တဲ့ ဆာကာဟာ နောက်ဆုံး ၁၀ ပွဲမှာ သွင်းဂိုး ၇ ဂိုးအထိ သွင်းယူနိုင်ခဲ့တာပါ။

ဆာကာကို တွေ့ရစဉ်
ဆာကာဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အင်္ဂလန်အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့ပြီး ၃ ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၂ နှစ်အရွယ်ရှိ ကစားသမားဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ကလပ်အသင်းဖြစ်တဲ့ အာဆင်နယ်အသင်း အတွက်လည်း အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့တာကြောင့် ပရော်ဖက်ရှင်နယ် ဘောလုံးသမားများ အစည်းအရုံးက ပေးတဲ့ PFA တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစားသမားဆုကို ရယူနိုင်ခဲ့တာပါ။
ဒါ့အပြင် ဆာကာဟာ PFA ရဲ့ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံးအသင်းမှာ ရွေးချယ်ခြင်းခံခဲ့ရတာ ဖြစ်ပါ တယ်။ အာဆင်နယ် ကစားသမားဟာ ယူကရိန်းအသင်းနဲ့ ကစားမယ့် ယူရို ၂၀၂၄ ခြေစစ်ပွဲနဲ့ စကော့တလန် အသင်းနဲ့ ကစားမယ့် ခြေစမ်းပွဲအတွက် အင်္ဂလန်အသင်းနဲ့ ပူးပေါင်းပြီး လေ့ကျင့်ပြင်ဆင်နေတာပါ။
အင်္ဂလန်အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး အမျိုးသမီး ကစားသမားဆုကိုတော့ အခုလကုန်ပိုင်းမှာ ကြေညာ သွားမယ်လို့ FA က ပြောထားပါတယ်။
အင်္ဂလန်အမျိုးသမီးအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၃ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲတက်နိုင်ခဲ့ပြီး စပိန် အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
Source: ESPN
 
	    	  	
	    	       
	    
	  	   
			 
			 
                        
