CNI Sport News

၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၈

ဆော်ဒီအသင်းဟာ အီတလီအသင်း နည်းပြရာထူးကနေ နုတ်ထွက်ခဲ့တာ နှစ်ပတ်ကြာသာရှိသေးတဲ့ မန်ချီနီကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပါတယ်။

မန်ချီနီဟာ အီတလီအသင်းကို ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ချန်ပီယံဆုရရှိအောင် ကိုင်တွယ်နိုင်ခဲ့သလို ပြိုင်ပွဲစုံ ၃၇ ပွဲ ဆက်တိုက် ရှုံးပွဲမရှိတဲ့ ကမ္ဘာ့စံချိန်တင် နိုင်ခဲ့ပေမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရရှိအောင်တော့ မစွမ်းဆောင် ပေးနိုင်ခဲ့ပါဘူး။ 

မန်ချီနီဟာ ဆော်ဒီအသင်းရဲ့ နည်းပြအဖြစ် ၂၀၂၇ အထိ စာချုပ်ချုပ်ဆိုမှာဖြစ်ပြီး တစ်နှစ်ကို ယူရိုသန်း ၃၀ ရရှိမယ်လို့ သိရပါတယ်။

 မန်ချီနီကို တွေ့ရစဉ်

မန်ချီနီက “အာရှမှာ ဘောလုံးရဲ့ ရေပန်းစားမှုက ကြီးထွားလာသလို နိုင်ငံသစ်မှာ ဘောလုံး အတွေ့အကြုံရဖို့ အတွက် ဒါက ကောင်းမွန်တဲ့ အခွင့်အလမ်းတစ်ခုလို့ ကျနော်ယုံကြည်ပါတယ်။ ဆော်ဒီပရိုလိဂ်မှာ ထိပ်တန်း ကစားသမားတွေ ရှိနေတာက နိုင်ငံရဲ့ဘောလုံး တိုးတက်မှု အလားအလာကို ညွှန်ပြနေပါတယ်။ ကျနော်ဟာ ဥရောပမှာ သမိုင်းကို ဖန်တီးနိုင်ခဲ့သလို အခုဆော်ဒီမှာ သမိုင်းကိုဖန်တီးဖို့ အချိန်ရောက်ပြီ”လို့ ပြောခဲ့ပါတယ်။

ဆော်ဒီအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ အာဂျင်တီးနားအသင်းကို အံ့အားသင့် ဖွယ် အနိုင်ရခဲ့ပေမယ့် အုပ်စုအဆင့်ကနေတော့ ကျော်ဖြတ်နိုင်ခဲ့ခြင်း မရှိပါဘူး။

မန်ချီနီဟာ ဆော်ဒီအသင်းကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှာ ကျင်းပမယ့် အာရှဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်အောင် ကိုင်တွယ်ရဖို့ ရှိနေပါတယ်။ ဆော်ဒီအသင်းဟာ အာရှဖလားပြိုင်ပွဲမှာ ထိုင်း၊ ကာဂျစ္စတန်၊ အိုမန်တို့နဲ့ တစ်အုပ်စုထဲ ကျရောက်နေပြီး ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတဲ့ အသင်းတွေထဲမှာ ပါဝင်နေတာပါ။

ဆော်ဒီအသင်းဟာ စက်တင်ဘာ ၈ ရက်မှာ ကော်စတာရီကာ အသင်းနဲ့ ခြေစမ်းပွဲယှဉ်ပြိုင်မှာဖြစ်ပြီး ဒီပွဲကို မန်ချီနီက သူ့ရဲ့ပထမဆုံးပွဲစဉ်အဖြစ် စတင်ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။

Source: CNA