CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၉

ဂျူဗင်တပ်စ်အသင်းဟာ ယူအီးအက်ဖ်အေရဲ့ ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်ခဲ့တဲ့အတွက် ရာသီသစ် ယူရိုပါကွန်း ဖရန့်လိဂ် ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံခဲ့ရပြီး ဒဏ်ကြေးငွေပါ ချမှတ်ခံခဲ့ရပါတယ်။

ဥရောပဘောလုံးအဖွဲ့ချုပ်ဟာ ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးအသင်းကိုလည်း ဘဏ္ဍာရေး အချက်အလက် တင်ပြတာမှာ ပြည့်စုံမှုမရှိတဲ့အတွက် ဒဏ်ကြေးငွေ ချမှတ်ခဲ့တာပါ။ 

ချယ်လ်ဆီးအသင်းဟာ ၂၀၁၂ ကနေ ၂၀၁၉ ခုနှစ်အထိ ပြုလုပ်ခဲ့တဲ့ အပြောင်းအရွှေ့ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး အရေးယူခံခဲ့ရတာ ဖြစ်ပါတယ်။ 

အဲ့ဒါကြောင့် ဂျူဗင်တပ်စ်အသင်းဟာ ဒဏ်ကြေးငွေ ပေါင် ၁၇.၁၄ သန်းနဲ့ ချယ်လ်ဆီးအသင်းက ဒဏ်ကြေးငွေ ပေါင် ၈.၅၇ သန်း ချမှတ်ခံခဲ့ရတာပါ။ 

အီတလီကလပ်ဟာ လာမယ့် ၃ နှစ်အတွင်းမှာ ဘဏ္ဍာရေးစည်းမျဉ်း မှတ်တမ်းတွေကို လိုက်နာခဲ့မယ်ဆိုရင် လက်ရှိ ချမှတ်ထားတဲ့ ဒဏ်ကြေးငွေ တစ်ဝက်သာ ပေးဆောင်ရမယ်လို့ သိရပါတယ်။ 

ချယ်လ်ဆီးအသင်းကတော့ ယူအီးအက်ဖ်အေက ချမှတ်ထားတဲ့ ဒဏ်ကြေးငွေကို ပေးဆောင်ဖို့ သဘောတူညီမှု ရရှိထားတာပါ။ 

ဂျူဗင်တပ်စ် အိမ်ကွင်းကိုတွေ့ရစဉ်

လန်ဒန်ကလပ်ဟာ ပိုင်ရှင်သစ် တော့ဒ်ဘိုလီ လက်ထက် ကစားသမား ၁၉ ဦး ဝယ်ယူခဲ့တာမှာ ပေါင်သန်း ၆၀၀ သုံးစွဲခဲ့ပေမယ့် ပိုင်ရှင်ဟောင်း အေဘရာမိုဗစ်ချ် လက်ထက်မှာ ဖြစ်ပျက်ခဲ့တဲ့ အရာတွေအတွက် ဒဏ်ကြေးငွေ ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

အီတလီဘောလုံးအဖွဲ့ချုပ်ဟာ ယူရိုပါကွန်းဖရန့်လိဂ် ပြိုင်ပွဲယှဉ်ပြိုင်ဖို့အတွက် ဂျူဗင်တပ်စ်အသင်း နေရာမှာ ဖီအိုရင်တီးနားအသင်းနဲ့ အစားထိုးမယ်လို့ သိရပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ အပြောင်းအရွှေ့ ကိစ္စရပ်တွေကြောင့် ပြီးခဲ့တဲ့ ဘောလုံးရာသီက ရမှတ် ၁၀ မှတ် အလျှော့ ခံခဲ့ရတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ဝေးခဲ့ပြီး ဥရောပရဲ့ တတိယတန်းပြိုင်ပွဲဖြစ်တဲ့ ယူရိုပါကွန်းဖရန့်လိဂ် ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်သာ ရရှိခဲ့တာ ဖြစ်ပါတယ်။ 

ဒါပေမယ့် အခုအချိန်မှာတော့ ဒီပြိုင်ပွဲမှာပါ ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံခဲ့ရတာပါ။

ဂျူဗင်တပ်စ်အသင်းဟာ ယူအီးအက်ဖ်အေရဲ့ ဆုံးဖြတ်ချက်ကို လက်ခံခဲ့ပြီး အယူခံဝင်မှာ မဟုတ်ဘူးလို့ ပြောခဲ့တာ ပါ။

အဲ့ဒါကြောင့် အီတလီကလပ်ဟာ ရာသီသစ်မှာ ဥရောပဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရမှာ မဟုတ်တော့ဘဲ ပြည်တွင်း ပြိုင်ပွဲတွေကိုသာ အာရုံစိုက်ရတော့မှာ ဖြစ်ပါတယ်။

Source: BBC