CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၈

အေဂျတ်စ်အသင်းဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ ချယ်လ်ဆီးနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပစ်မှတ်ဖြစ်နေတဲ့ ကူဒူစ်ရဲ့ ပြောင်းရွှေ့ကြေးဟာ ထပ်ပြီး မြှင့်တက်လာမယ်လို့ သတိပေးလိုက်ပါတယ်။

အသက် ၂၂ နှစ်အရွယ်ရှိ ကူဒူစ်ဟာ ပြီးခဲ့တဲ့ရာသီက ဒတ်ချ်ကလပ် အသင်းအတွက် ၁၈ ဂိုး သွင်းယူခဲ့ပြီးနောက် လန်ဒန်ကလပ်နှစ်သင်းရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရတာပါ။ 

လက်ရှိအချိန်မှာ အေဂျတ်စ်အသင်းဟာ ကူဒူစ်ကို ပေါင်သန်း ၄၀ တန်ကြေး သတ်မှတ်ထားပေမယ့် စက်တင်ဘာ ၁ ရက်မှာ ပိတ်မယ့် အပြောင်းအရွှေ့ နီးကပ်လာချိန်မှာ ပြောင်းရွှေ့ကြေးဟာ ထပ်ပြီးမြှင့်တက်လာနိုင်တယ်လို့ အားကစားဒါရိုက်တာက ပြောခဲ့တာ ဖြစ်ပါတယ်။

အေဂျတ်စ် အားကစားဒါရိုက်တာက “ကူဒူစ်အကြောင်းကို အလွတ်သဘော မေးမြန်းစုံစမ်းထားတဲ့ ကလပ်အသင်း တွေရှိပါတယ်။ ဘောလုံးလောကမှာ အရာအများအပြား ကွဲပြားနိုင်တယ်ဆိုတာကို ခင်ဗျားတို့ သိပေမယ့် မကြာခင် မှာ ကမ်းလှမ်းမှု ပြုလုပ်မယ့် အရာတွေကိုတော့ မျှော်လင့်ထားခြင်း မရှိပါဘူး။ ကျနော်တို့အတွက်က ကစားသမား တွေနဲ့ ဆက်ဆံရေးကောင်းဖို့က အရေးကြီးပါတယ်။ အပြောင်းအရွှေ့ပိတ်ဖို့ နီးကပ်လာပြီဆိုရင်တော့ ပြောင်းရွှေ့ ကြေးက ပိုပြီးတက်သွားမှာပါ”လို့ ပြောခဲ့တာပါ။

ကူဒူစ်ကို တွေ့ရစဉ်

အေဂျတ်စ်အားကစား ဒါရိုက်တာက ကူဒူစ်နဲ့ ဝက်စ်ဟမ်းအသင်းရဲ့ ပစ်မှတ်ဖြစ်တဲ့ အယ်လ်ဗားရတ်ဇ်တို့အတွက် အသင်းဘက်က သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးပေးပြီး ကမ်းလှမ်းခဲ့ရင်တော့ ထွက်ခွာခွင့်ပေးမယ်လို့ ပြော ထား ပါတယ်။ 

အာဆင်နယ်အသင်းဟာ ရာသီသစ်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရရှိထားတာကြောင့် ဂါနာ လက်ရွေးစင် ကစားသမားဟာ ချယ်လ်ဆီးအသင်းထက် အာဆင်နယ်အသင်းကိုသာ ပိုပြီးပြောင်းရွှေ့ ချင်နေတယ်လို့ သိရပါတယ်။

ကူဒူစ်ဟာ လက်ရှိအချိန်မှာ အသေးစား ခြေကျင်းဝတ်ဒဏ်ရာကို ခံစားနေရပေမယ့် ရာသီသစ်မှာ ကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ ရှိနေတာ ဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်က အေဂျတ်စ်အသင်းထံ ရောက်ရှိလာခဲ့တဲ့ ကူဒူစ်ဟာ ဒတ်ချ်ကလပ်နဲ့အတူ အမှတ်ပေးလိဂ် ၂ ကြိမ်နဲ့ ဖလား ၁ ကြိမ် ရရှိထားပါတယ်။

Source: Metro