CNI Sport News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၃၀

အာဆင်နယ်အသင်းဟာ နယ်သာလန်နောက်ခံလူ တင်ဘာကို ခေါ်ယူဖို့ အေဂျတ်ဇ်အသင်းနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိသွားပြီဖြစ်တဲ့အတွက် ကစားသမားဟာ ဆေးစစ်မှုတွေ ပြုလုပ်ဖို့ ရှိနေတယ်လို့ ဒတ်ချ်သတင်း တွေမှာ ဖော်ပြထားပါတယ်။

မြောက်လန်ဒန်ကလပ်ဟာ ပြောင်းရွှေ့ကြေးနဲ့ ပတ်သက်ပြီး အေဂျတ်ဇ်အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်တာမှာ အဆင်မပြေမှုတွေ ရှိခဲ့ပေမယ့် အခုအချိန်မှာတော့ သဘောတူညီမှု ရယူနိုင်ခဲ့ပါပြီ။ 

ဒတ်ချ်သတင်းစာ De Telegraaf က အာဆင်နယ်အသင်းဟာ တင်ဘာအတွက် အေဂျတ်ဇ်အသင်းကို ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၃၆ သန်း၊ အပိုဆုကြေး ပေါင် ၄ သန်း ပေးချေမယ်လို့ ဖော်ပြခဲ့ပါတယ်။

တင်ဘာဟာ အာဆင်နယ်အသင်းထံ ၅ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရရှိ ထားပြီး ဖြစ်လို့ အပြောင်းအရွှေ့ကို တရားဝင် မကြေညာခင် မကြာခင် ရက်ပိုင်းအတွင်းမှာ ဆေးစစ်မှုတွေ ခံယူသွားမှာပါ။

အသက် ၂၂ နှစ်အရွယ်ရှိ တင်ဘာဟာ လက်ရှိအချိန်မှာ အားလပ်ရက်အတွက် အနားယူနေတာ ဖြစ်ပေမယ့် ဆေးစစ်မှုခံယူဖို့ အင်္ဂလန်ကို သွားရောက်မှာဖြစ်ပြီး အပြောင်းအရွှေ့ ကိစ္စရပ်တွေအတွက် ရိုက်ကူးရေး ပြုလုပ် သွားမှာ ဖြစ်ပါတယ်။

တင်ဘာဟာ ပြီးခဲ့တဲ့နှစ် နွေရာသီက ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် နယ်သာလန်အသင်း လူစာရင်းမှာ မပါဝင်မှာကို စိုးရိမ်တဲ့အတွက် ယူနိုက်တက်ကို မပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပါ တယ်။ 

တင်ဘာကိုတွေ့ရစဉ်

တင်ဘာဟာ အခုအချိန်မှာတော့ အီးမရိတ်စ်ကို ပြောင်းရွှေ့ဖို့ အလွန်စိတ်လှုပ်ရှားနေပြီး နည်းပြ အာတီတာနဲ့ စကားပြောပြီးနောက်မှာ လန်ဒန်ကလပ်ကို သူ့ရဲ့ ပထမဦးစားပေးအဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

တင်ဘာဟာ လက်ရှိ ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ် အေဂျတ်ဇ်အသင်းကို ကိုင်တွယ်ခဲ့တုန်းက အသင်း ဆုဖလား အောင်မြင်မှုတွေ ရယူခဲ့တာမှာ အရေးပါတဲ့သူအဖြစ် ပါဝင်ခဲ့ပြီး ဒတ်ချ်ဘောလုံးသမိုင်းမှာ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုနဲ့ အကောင်းဆုံး လူငယ်ကစားသမားဆုကို ရယူနိုင်ခဲ့တဲ့ ပထမဆုံး ကစားသမား အဖြစ်လည်း မှတ်တမ်းဝင်ခဲ့တာပါ။

တင်ဘာဟာ ဗဟိုနောက်ခံလူ အဖြစ်ရော ညာနောက်ခံလူအဖြစ်ပါ ကစားနိုင်လို့ အာဆင်နယ်နည်းပြ အာတီတာ အတွက် ရွေးချယ်စရာတွေ ပိုပြီးရှိလာနိုင်တာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ ချယ်လ်ဆီးအသင်းက ဟာဗတ်ဇ်ကို ပေါင် ၆၅ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီး ဝက်စ်ဟမ်းကွင်းလယ်လူ ဒီကလန်ရိုက်စ်ကို ပေါင် ၁၀၅ သန်းနဲ့ ခေါ်ယူနိုင်ဖို့ သဘောတူညီမှု ရရှိ ထားပါတယ်။

Source: Metro