CNI Sport News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃

ဂရီလစ်ရှ်ဟာ မန်စီးတီးအသင်းရဲ့ ဆုဖလား ၃ လုံးအောင်ပွဲခံအခမ်းအနားမှာ ကွင်းလယ်ကစားသမား ဘာနာဒို ဆေးလ်ဗားကို အသင်းမှာ ဆက်နေဖို့ အသနားခံနေတဲ့ ရုပ်သံမှတ်တမ်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ အင်တာမီလန်အသင်းကို ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အနိုင်ရပြီး တစ်ရာသီအတွင်း ဆုဖလား ၃ လုံး ရယူနိုင်ခဲ့ပြီးနောက် အသင်းသားတွေ၊ နည်းပြအဖွဲ့ဝင်တွေနဲ့ ဝန်ထမ်းတွေဟာ မန်ချက်စတာမှာ အောင်ပွဲခံ အခမ်းအနားတွေကို ဆက်လက်ကျင်းပနေခဲ့တာပါ။

ပေါ်တူဂီကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားဟာ မန်စီးတီးအသင်း ပရီးမီးယားလိဂ်၊ FA ဖလားနဲ့ ချန်ပီယံလိဂ်ဖလား တွေ ရယူနိုင်ခဲ့တာမှာ အဓိကအရေးပါတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ဘာနာဒိုဆေးလ်ဗားနဲ့ မန်စီးတီး အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂ နှစ်ကျန်ရှိနေသေးပေမယ့် ပီအက်စ်ဂျီအသင်းက အခု နွေရာသီ အပြောင်း အရွှေ့မှာ ခေါ်ယူနိုင်ဖို့ ကြိုးစားနေတာပါ။ ဒါ့အပြင် ဘာစီလိုနာအသင်းကလည်း ဘာနာဒိုဆေးလ်ဗားကို ခေါ်ယူနိုင် ဖို့ ကာလကြာရှည် စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းရဲ့ အောင်ပွဲခံအခမ်းအနားမှာ ဂရီလစ်ရှ်က ဘာနာဒိုဆေးလ်ဗားကို လက်အုပ်ချီပြီး “ကျေးဇူးပြုပြီး မသွားပါနဲ့” ဆိုတဲ့ သီချင်းကို သီဆိုကာ အသင်းမှာ ဆက်နေဖို့ အသနားခံနေခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၈ နှစ်အရွယ်ရှိ ဘာနာဒိုဆေးလ်ဗားဟာ ၂၀၁၇ က မိုနာကိုကနေ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်း အတွက် ပွဲပေါင်း ၃၀၆ ပွဲ ပါဝင်ကစားထားကာ ၅၅ ဂိုးသွင်းယူပြီး ၅၉ ဂိုးဖန်တီးနိုင်ခဲ့တာပါ။ ပေါ်တူဂီကစားသမား ဟာ မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်၊ FA ဖလား ၂ ကြိမ်၊ လိဂ်ဖလား ၄ ကြိမ်နဲ့ ချန်ပီယံလိဂ် ဖလား ၁ ကြိမ်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဘာနာဒိုဆေးလ်ဗားကတော့ လက်ရှိအချိန်မှာ မန်စီးတီးအသင်းရဲ့ အောင်ပွဲခံအခမ်းအနားကို ပျော်ပျော်ကြီး ဆင်နွှဲမှာဖြစ်ပြီး အနာဂတ်နဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းဖြေကြားခဲ့ခြင်းမရှိပါဘူး။

ဘာနာဒိုဆေးလ်ဗားက “ရိုးရိုးသားသားပြောရရင် ကျနော်မသိပါဘူး။ လာမယ့် ရက်သတ္တပတ်အနည်းငယ်၊ လအနည်းငယ်မှာ ဘာတွေဖြစ်မလဲဆိုတာကို မြင်တွေ့ရမှာပါ။ အခုအချိန်မှာတော့ အောင်ပွဲခံအခမ်းအနားကို ဆင်နွှဲသွားမယ်” လို့ ပြောခဲ့ပါတယ်။

Source:Metro