CNI Sport News

၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၄

မန်စီးတီးအသင်းဟာ ကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားကို အသင်းမှာ ၂၀၂၆ ခုနှစ်အထိ ရှိမယ့် စာချုပ်သက်တမ်း တိုးလိုက်ပြီလို့ တရားဝင် ကြေညာခဲ့ပါတယ်။

ဘာနာဒိုဆေးလ်ဗားဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက မန်စီးတီးအသင်း ပရီးမီးယားလိဂ်၊ FA ဖလားနဲ့ ချန်ပီယံလိဂ် ဖလား ရယူနိုင်ခဲ့တာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တာပါ။

ပေါ်တူဂီကစားသမားကို အခုနွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ဘာစီလိုနာ၊ ပီအက်စ်ဂျီနဲ့ ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းတို့က ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ 

ဒါပေမယ့် ဂန်ဒိုဂန်နဲ့ မာရက်ဇ်တို့ကို ဆုံးရှုံးခဲ့တဲ့ မန်စီးတီးအသင်းဟာ ဘာနာဒိုဆေးလ်ဗားကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ကြိုးစားခဲ့တာမှာ အောင်မြင်ခဲ့ပါတယ်။

ဆုဖလားနဲ့အတူ တွေ့ရတဲ့ ဘာနာဒိုဆေးလ်ဗားကို တွေ့ရစဉ်

မန်စီးတီးအသင်းနဲ့ ဘာနာဒိုဆေးလ်ဗားတို့ အရင်ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၅ အထိ စာချုပ်သက်တမ်းရှိနေလို့ မန်ချက်စတာကလပ်က ၁ နှစ် သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။
ဘာနာဒိုဆေးလ်ဗားက “မန်စီးတီးအသင်းမှာ ၆ နှစ်ကြာ မယုံနိုင်စရာကောင်းတဲ့ အရာတွေကို ဖြတ်သန်းခဲ့ရပြီး အခု ကျနော့်ရဲ့ အချိန်တွေကို ထပ်ပြီးတိုးနိုင်ခဲ့တဲ့အတွက် ဝမ်းသာပါတယ်။ ပြီးခဲ့တဲ့ရာသီက ဆုဖလား ၃ လုံး ရယူ နိုင်ခဲ့တာက အလွန်ထူးခြားပြီး ဆာလောင်မှုနဲ့ စိတ်အားထက်သန်မှုရှိတဲ့ အသင်းရဲ့ အစိတ်အပိုင်း ဖြစ်ရတာဟာ စိတ်လှုပ်ရှားစရာပါပဲ။ အောင်မြင်မှုတွေကို ဆက်ပြီးရယူချင်ပြီး လာမယ့်နှစ် အနည်းငယ်အတွင်းမှာ ပိုကောင်းတဲ့ အမှတ်တရတွေကို မျှဝေနိုင်ဖို့ မျှော်လင့်ကြောင်း”ပြောခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိ ဘာနာဒိုဆေးလ်ဗားဟာ ၂၀၁၇ ခုနှစ်က မိုနာကိုအသင်းကနေ ရောက်ရှိလာခဲ့တာဖြစ်ပြီး မန်စီးတီးအသင်းအတွက် ၃၀၈ ပွဲ ပါဝင်ကစားထားကာ ၅၅ ဂိုး သွင်းယူထားပါတယ်။

ပေါ်တူဂီကွင်းလယ်လူဟာ မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်၊ FA ဖလား ၂ ကြိမ်၊ ကာရာ ဘောင်းဖလား ၄ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် ရယူထားတာပါ။ 

ရာသီသစ် ပရီးမီးယားလိဂ် ၂ ပွဲ ကစားပြီးချိန်မှာ ၂ ပွဲစလုံး အနိုင်ရရှိထားတဲ့ မန်စီးတီးအသင်းဟာ ပွဲစဉ် ၃ အဖြစ် သြဂုတ် ၂၇ ရက်မှာ ရှက်ဖီးယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Daily Mail