CNI Sport News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၄

တိုက်စစ်မှူး ဘန်ဇီမာဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အစ်တီဟတ်အသင်းမှာ နည်းပြဖြစ်သူ နူနိုဆန်တိုနဲ့ အဆင်မပြေမှုတွေဖြစ်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် အသင်းမှာ ပျော်ရွှင်နေကြောင်း တုံ့ပြန် သွားခဲ့ပါတယ်။

ဆော်ဒီသတင်းစာတစ်စောင်က ဘန်ဇီမာဟာ သူ့ရဲ့နည်းဗျူဟာနဲ့ ကိုက်ညီမှုမရှိဘူးဆိုပြီး နည်းပြ နူနိုဆန်တိုက အယ်လ်အစ်တီဟတ်အသင်းဘုတ်အဖွဲ့ထံ အကြောင်းကြားထားတယ်လို့ ဖော်ပြထားတာပါ။ ဒါ့အပြင် နူနိုဆန်တို ဟာ ဘန်ဇီမာကို ခေါ်ယူပေးဖို့ အသင်းထံ တောင်းဆိုခဲ့ခြင်းမရှိတာကြောင့် သူတို့နှစ်ဦးကြား အဝတ်လဲခန်းထဲမှာ တင်းမာမှုတွေဖြစ်နေတယ်လို့ ဆော်ဒီသတင်းစာက ရေးသားထားတာဖြစ်ပါတယ်။ 

ဘန်ဇီမာကလည်း အယ်လ်အစ်တီဟတ်အသင်းမှာ အသင်းခေါင်းဆောင်ရာထူးရယူဖို့ တောင်းဆိုထားတာကို နည်းပြက ငြင်းပယ်ခဲ့လို့ စိတ်ပျက်နေပြီး ဆော်ဒီကလပ်ကနေ ပြန်ထွက်ခွာဖို့တောင် စဉ်းစားနေတယ်လို့ သတင်း တွေထွက်ပေါ်ခဲ့တာပါ။ ဒီလိုထင်ကြေးတွေထွက်ပေါ်နေပေမယ့် အယ်လ်အစ်တီဟတ်အသင်းရဲ့ တွစ်တာမှာ တင်ထားတဲ့ ဗွီဒီယိုဖိုင်မှာ ဘန်ဇီမာဟာ ပြုံးရွှင်နေတာကို တွေ့ခဲ့ရတာဖြစ်ပါတယ်။ 

ဘန်ဇီမာဟာ ပြီးခဲ့တဲ့ ဇွန်လကမှ ရီးရယ်လ်အသင်းကနေ ထွက်ခွာပြီး အယ်လ်အစ်တီဟတ်အသင်းနဲ့ ယူရိုသန်း ၆၀၀ တန်ကြေးရှိ ၂ နှစ်ခွဲစာချုပ်ချုပ်ဆိုခဲ့တာပါ။ ဘန်ဇီမာဟာ အယ်လ်အစ်တီဟတ်အသင်းအတွက် ၆ ပွဲကစား အပြီးမှာ ၃ ဂိုးသွင်းယူထားပေမယ့် ဆော်ဒီပရိုလိဂ်ပွဲစဉ်မှာတော့ ဂိုးဖန်တီးမှုသာ ပြုလုပ်ထားပြီး ဂိုးသွင်းယူနိုင်ခြင်း မရှိသေးတာဖြစ်ပါတယ်။

အယ်လ်အစ်တီဟတ်အသင်းဟာ ဆော်ဒီပရိုလိဂ် ၂ ပွဲကစားအပြီးမှာ ၂ ပွဲစလုံးအနိုင်ရရှိကာ အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ဦးဆောင်နေတာပါ။ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ အယ်လ်အစ်တီဟတ်အသင်းဟာ သြဂုတ် ၂၄ ရက်မှာ အမှတ်ပေးပွဲစဉ်အဖြစ် အယ်လ်ရီယက်ဒ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:Goal