CNI Sport News
၂၀၂၃ ခုနှစ်၊ ဧပြီ ၁၈
အင်ဒိုနီးရှားနိုင်ငံကို ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်အဖြစ် ကျင်းပခွင့် ရုပ်သိမ်းပြီးနောက် အာဂျင်တီးနားနိုင်ငံ ဟာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က အတည်ပြုလိုက်ပါတယ်။
ဘာလီအုပ်ချုပ်ရေးမှူး ဝါရန်ကိုစတာက အစ္စရေးအသင်းကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ငြင်းဆိုခဲ့ပြီးနောက် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တရားဝင် မဲခွဲမှုပြုလုပ်မယ့် အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ရပါတယ်။
အဲဒီ နောက်ပိုင်းမှာ ဖီဖာဟာ အင်ဒိုနီးရှား ဘောလုံးအဖွဲ့ချုပ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ပြီးနောက် အိမ်ရှင်အဖြစ် ကနေ ရုပ်သိမ်းတဲ့ ဆုံးဖြတ်ချက်ကို မတ်လ ၂၉ ရက်က ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့် အာဂျင်တီးနားက အခုနှစ် မေလ ၂၀ ရက်ကနေ ဇွန်လ ၁၁ ရက်အထိ ကျင်းပမယ့် ဒီပြိုင်ပွဲကို အိမ်ရှင် အဖြစ် လက်ခံကျင်းပဖို့ ဖီဖာထံ တရားဝင် လျှောက်ထားခဲ့ပါတယ်။ ဒီပြိုင်ပွဲအတွက် မဲခွဲမှုကို သောကြာနေ့တွင် ဇူးရစ်မှာ ကျင်းပမယ်လို့ ဖီဖာက ကြေညာခဲ့ပါတယ်။
အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်ကိုတွေ့ရစဉ်
ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက “ဒီလို ကြီးကျယ်ခမ်းနားတဲ့ ပွဲကိုကျင်းပဖို့ သူတို့ရဲ့ ကတိကဝတ် ပြုမှုအတွက် အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ တာပီယာနဲ့ အစိုးရအာဏာပိုင်တွေကို ကျေးဇူးတင်ရှိပါတယ်။ ကမ္ဘာ့ ချန်ပီယံတွေရဲ့ အိမ်က ကမ္ဘာ့ဘောလုံးလောကရဲ့ စူပါစတားတွေကို တံခါးဖွင့် ပေးလိုက်သလိုပါပဲ”လို့ အာဂျင်တီးနားကို အိမ်ရှင်အဖြစ် ကြေညာချိန်မှာ ပြောခဲ့တာပါ။
၂၀၀၁ ကလည်း ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ အာဂျင်တီးနားအသင်းဟာ ဒီပြိုင်ပွဲမှာ ချန်ပီယံဆုကို စံချိန်တင် ၆ ကြိမ်အထိ ရရှိထားတာ ဖြစ်ပါတယ်။
အာဂျင်တီးနားနိုင်ငံဟာ ၂၀၃၀ မှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဥရုဂွေး၊ ချီလီ၊ ပါရာဂွေးတို့နဲ့အတူ ပူးတွဲ အိမ်ရှင်အဖြစ် ကျင်းပနိုင်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
Source: CNA