CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၁၃

ဘာစီလိုနာအသင်းဟာ ဒိုင်လူကြီးတွေကို ငွေပေးချေမှု အရှုပ်တော်ပုံတွေနဲ့ ပတ်သက်ပြီး စွဲချက်တွေနဲ့ ရင်ဆိုင်နေရ ချိန်မှာ အသင်းဥက္ကဋ္ဌ လာပေါ်တာက သူတို့ အပြစ်ကင်းကြောင်း ပြသသွားမယ်လို့ ပြောလိုက်ပါတယ်။

လာပေါ်တာက “ဘာစီလိုနာ ပရိသတ်တွေ အေးဆေးတည်ငြိမ်စွာနေပါ။ ဘာစီလိုနာအသင်းဟာ စွပ်စွဲထားတဲ့ အရာတွေအတွက် အပြစ်ကင်းသလို လူတိုင်း ပါဝင်နေတဲ့ အပုပ်ချမှုတွေမှာ သားကောင်လို ဖြစ်နေတာပါ။ ဒါနဲ့ ပတ်သက်ပြီး အံ့သြစရာတော့ မရှိပါဘူး။ ကျနော်တို့ဟာ ဘာစီလိုနာကို ကာကွယ်ရမှာ ဖြစ်သလို ကလပ်အပြစ် ကင်းကြောင်းကိုလည်း ပြသသွားမှာပါ”လို့ တွစ်တာမှာ ရေးတင်ထားတာပါ။

ဘာစီလိုနာအသင်းဟာ ၂၀၀၁ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်ကြားမှာ ဒိုင်လူကြီးများ နည်းစနစ်ကော်မတီဒုဥက္ကဋ္ဌဟောင်း ဟိုဆေးမာရီယာကို ငွေပေးချေမှု ပြုလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး အစိုးရရှေ့နေတွေဟာ ကလပ်အသင်းကို စုံစမ်းစစ် ဆေးမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

ဒီငွေပေးချေမှုဟာ ယူရို ၇ သန်းဝန်းကျင် ရှိခဲ့တယ်လို့ သိရပေမယ့် လာပေါ်တာကတော့ သူတို့အသင်းဟာ ဘာ အပြစ်မှ ပြုလုပ်ထားခြင်း မရှိဘူးလို့ ပြောထားတာပါ။

လာပေါ်တာကို တွေ့ရစဉ်

ဘာစီလိုနာမြို့က ကလပ်အသင်းရဲ့ လုပ်ဆောင်ချက်တွေအပြင် ဥက္ကဋ္ဌဟောင်းတွေဖြစ်တဲ့ ဘာတိုမြူနဲ့ ရိုဆဲလ်တို့ ကို ရှုတ်ချမှုတွေ ပြုလုပ်ခဲ့ပါတယ်။

လာလီဂါ အကြီးအကဲ တီဘတ်စ်ကတော့ လာပေါ်တာအနေနဲ့ ဒီငွေပေးချေမှုနဲ့ ပတ်သက်ပြီး ရှင်းမပြနိုင်ဘူးဆိုရင် ရာထူးကနေ နှုတ်ထွက်သင့်တယ်လို့ ပြောခဲ့တာပါ။ ဒါအပြင် လာလီဂါကလပ် အသင်းတွေကလည်း ဘာစီလိုနာကို အရေးယူမှုတွေ ပြုလုပ်ဖို့ တောင်းဆိုမှုတွေ ရှိနေကြပါတယ်။

ဘာစီလိုနာအသင်းဟာ အခုနှစ်ရာသီ လာလီဂါပြိုင်ပွဲမှာ ရလဒ်ကောင်းတွေကို ရယူနေပြီး ဒုတိယနေရာက ရီးရယ်လ် အသင်းကို ၉ မှတ်ဖြတ်ပြီး အမှတ်ပေးဇယားကို ဦးဆောင်နေတာပါ။

ဘာစီလိုနာအသင်းဟာ ဥရောပပြိုင်ပွဲတွေဖြစ်တဲ့ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ကနေ ထွက်ခွာခဲ့ရပေမယ့် ကိုပါဒယ်ရေးဖလား ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့် ရောက်ရှိနေသလို စပိန်စူပါဖလား ပြိုင်ပွဲမှာလည်း ချန်ပီယံဆုကို ရယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: Goal